(အပိုင်း-4)

1.4K 87 3
                                    

Unicode

ကျွန်တော်တို့အိမ်မရောက်ခင် စိုင်းတို့လမ်းကိုအရင်ရောက်သည်။ပိုက်ဆံရှိတဲ့လူအများစုနေတဲ့ အပန်းဖြေစံအိမ်ကြီးများပေါသော လမ်းတစ်လမ်းလည်းဖြစ်သည်။စိုင်းပြောပြထားလို့ စိုင်းတို့ချမ်းသာမှန်းကျွန်တော်တို့သိပါတယ်။စနစ်တကျစိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်ကြီးတွေကြား နက်စွေးနေတဲ့လမ်းမကြီးဟာ သစ်ရွက်ခြောက်တောင်မရှိဘဲ သန့်ရှင်းသပ်ရပ်နေသည်။

"ငါသွားပြီ သူငယ်ချင်းတို့ တာ့တာ"

လွယ်အိတ်ကိုဘေးသိုင်းလို့ ကျွန်တော်ဘေးနားလာရပ်တဲ့စိုင်းက လုပ်ပြုံးတစ်ခုချိတ်ဆွဲလို့ အားလုံးကိုနှုတ်ဆက်ကာ လမ်းထဲကိုဝင်သွားသည်။ မတိုင်ပင်ထားပေမဲ့ ကျွန်တော်တို့နှစ်ယောက်စလုံး ထွက်သွားတဲ့စိုင်းရဲ့ကျောပြင်ကြီး ကွယ်ပျောက်သွားသည်အထိ ငေးကြည့်နေမိသည်။

"အသည်းလေး"

"အင်းပြော"

"စိုင်းပုံစံက တစ်မျိုးနော်"

ဘာကိုတစ်မျိုးလည်း အမေးမလာပေမဲ့ အသည်းလေးကလည်း ကျွန်တော့်စကားကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းတစ်ချက်ညိမ့်ပြသည်။

အတော်ကြာအောင်ရပ်နေကြပြီးမှ ကျွန်တော်တို့နှစ်ယောက်လုံး အိမ်ပြန်ကြသည်။နှစ်ယောက်တည်းရှိချိန်မှာတော့ စကားမပြောကြတော့ဘဲ တိတ်ဆိတ်ခြင်းကသာ လမ်းတစ်လျှောက်လုံးစိုးမိုးနေခဲ့သည်။ရာသီဥတုကလည်း အဖော်အဖက်ပြုလို့ပေါ့။

မြူတွေစိုင်းလို့ အေးစိမ့်စိမ့်လမ်းမပေါ်မှာ အရောင်တူစက်ဘီးလေးနှစ်စီး ငြိမ်သက်စွာရွေ့လျှားနေသည်။ထင်းရှူးတောလမ်းလေးဆိုတော့ လမ်းတစ်လျှောက် သင်းပျံတဲ့ရနံ့လေးက ကျွန်တော်တို့အနားမှာ ဆွတ်ပျံ့နေတော့သည်။ထင်းရှူးပင်ကြား မုန်ညှင်းပန်းများကလည်း ရွှေဝါရောင်နေမင်းကြီးကြောင့် တောက်ပသော ပန်းလေးများသဖွယ် လေနှင်ရာကိုလူးလွင့်နေသည်။

လမ်းမကြီးကနေချိုးဝင်လာတော့ နောက်ထပ်လမ်းတစ်နေရာသို့ရောက်ခဲ့ပြန်သည်။ ဘောလုံးပွဲရှိတယ်ထင်ပါရဲ့ ကုန်းမြင့်ပေါ်က လက်ဖက်ရည်ဆိုင်လေးမှာ ဆိုင်ကယ်စက်ဘီးများပြည့်နေသည်။ဆိုင်အောက်ဘက်မှာတော့ ဝိုင်တွေရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိနေပြီး မစားရအညော်ခံ မဝယ်နိုင်အမြည်းစားဆိုသလို သူငယ်ချင်းနှစ်ယောက်သား စက်ဘီးရပ်ပြီး တစ်ယောက်တစ်ခွက်စီ ဝင်သောက်လိုက်ကြသည်။ဝိုင်ကသိပ်ထားတာမကြာသေးဘူးထင်ပါရဲ့ အချိုရည်လိုဘဲ စူးတာတွေမူးတာ​တွေ ဘာတွေမရှိဘူး အေးဆေး။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedOù les histoires vivent. Découvrez maintenant