ယနေ့ခြံထဲတွင် ကားကြီးကားငယ်အစီအရီရပ်ထားပြီး အောက်ထပ်နှင့်အပေါ်ထပ်မှစားပွဲဝိုင်းများသည်လည်း ဧည့်သည်များဖြင့်မလစ်လပ်နိုင်အောင်ရှိနေသည်။ဧည့်သည်များအတွက်အကျွေးအမွေးတာ၀န်ခံဖြစ်သည့် ရပ်ကွက်အတွင်းမှလူငယ်လူရွယ် Volunteer ကလေးများကလည်း ထမင်းနှင့်ဟင်းကို ချိုင့်ကြီးချိုင့်ငယ်တို့ဖြင့်အမှီလိုက်ပေးနေရလေသည်။
ဆွေကြီးမျိုးကြီးမျက်နှာကြီးလူတန်းစားတို့မင်္ဂလာယူသည့်နေ့တစ်နေ့၏နံနက်ခင်းသည် ကျက်သရေအပေါင်းနှင့်ပြည့်စုံနေတော့သည်။လူစုံအရောင်စုံအဆင်တန်ဆာစုံဖြင့်အသီးသီးကြွရောက်ချီးမြှင့်ကြရာ နှစ်ဖက်မိဘနှင့်အတူ မင်္ဂလာအခမ်းအနား၏ဇာတ်လိုက်များဖြစ်သည့် ဒေါ်မေဘုန်းကြွယ်နှင့်နုထက်မှာလည်း စားပွဲဝိုင်းတစ်ဝိုင်းမှတစ်ဝိုင်းသို့ကူးကာ ဧည့်ခံရသည်။
ဆရာ၀န်အသိုင်းအဝိုင်းနှင့်အတူ ဒေါ်ထိုက်ထိုက်စိုး၏ပညာရေးအသိုင်းအဝိုင်းကလူများက နုထက်အားစူးစမ်းဟန်ဖြင့် မသိမသာအကဲခတ်ကြသည်။တက်ရောက်လာသူများအဖို့လည်း ဤမင်္ဂလာဆွမ်းကပ်ကဲ့သို့အခမ်းအနားမျိုးမှာရှားပါးလှ၍လည်းဖြစ်မည်။LGBT ဟူသည့်စကားလေးလုံးကိုတရား၀င်အသိအမှတ်မပြုသေးသည့်အနေအထားတွင် နုထက်နှင့်သူမ၏မင်္ဂလာအခမ်းအနားမှာ စူးစမ်းဖွယ်တစ်ခုအလား ...... ။
"ဟေ့ မေဘုန်း"
"အေးတို့ပါလား"
"လာ လာ"
ဆေးရုံမှမိမိအခင်ရဆုံးသောအဖွဲ့ရောက်ချလာ၍ နုထက်လက်ကိုဆွဲ၍ တံခါး၀ဆီသွားလိုက်သည်။ဒေါ်မြမြအေးနှင့်အတူ ဒေါက်တာနွယ်နွယ်၊ ဒေါက်တာဝေမွန်ဦးတို့ပါလာလေသည်။သုံးယောက်ကိုအပေါ်ထပ်မှစားပွဲတစ်ခုစီခေါ်သွားကာဧည့်ခံရသည်။လူရင်းများဖြစ်၍ အခြားဧည့်သည်များရှိလျှင် သွားနှုတ်ဆက်လိုက်နှင့် ဒေါ်မေဘုန်းကြွယ်တစ်ယောက်နုထက်လက်ကိုမလွှတ်တမ်းကိုင်ထားသည်။
နုထက်သည်လည်းမိသားစုအသစ်တစ်ခုအတွင်းစတင်၀င်ရောက်ရသော်လည်း သူမ၏အလေးထားမှုကြောင့် စိတ်ပူပန်မှုအနည်းငယ်တော့လျော့ကျပါသည်။နုထက်အပြုံးတို့ဖြင့် လူတိုင်းကိုနှုတ်ဆက်နေသော်လည်း ရင်တွင်းဝေဒနာတို့မှာမပျောက်ကင်းသေးပေ။သို့သော် အပြုံးပန်းတို့မှာဝေဒနာကိုပိပိရိရိဖုံးကွယ်ထားနိုင်ခဲ့ပါသည်။ကောင်းမွန်သောဘ၀တစ်ခုကိုအသစ်တစ်ဖန်စတင်သည့်နေ့ ....။
ESTÁS LEYENDO
Surgeon (Completed)(Unicode + Zawgyi)
Romanceဖန်တီးမှုအသစ်လေးတစ်ခုပါပဲ✨ဖတ်ရင်းစီးမျောရင်းခံစားရင်း