အိပ်ရာက ထပြီး ဟယ်ကု အောက်ထပ်ဆင်းကာ သူ့ကားကို သွားရှာလိုက်သည်။ ကားကို ရပ်ကွက်ထဲတွင် ရှာတွေ့သည်။ သို့သော် ရုတ်တရက် ကားသော့ကို သတိရသွားသည်။ ယခင် က သော့တစ်ချောင်းပျောက်သွားပြီး အသစ်ထပ်လုပ်ရန်လည်းမေ့နေရာ ယခု သူ့လက်ထဲ တွင် ထိုသော့တစ်ချောင်းသာရှိလေသည်။
စိတ်ပျက်လက်ပျက်ဖြင့် ဖုန်ကျုန်းကို ဖုန်းဆက်ရပြန်သည်။ ဖုန်ကျုန်းက အိပ်မက် မက်နေရာမှ နိုးလာပုံရသည်။ "ဪ... ချန်က ရောသွားလို့နေမယ်၊ သူက မင်းကားကို သွား ထားပေးပြီး ကားသော့က သူနဲ့ပြန်ပါသွားတာဖြစ်မှာ"
ဟယ်ကု သက်ပြင်းချလိုက်သည်။
"သူကအခုဘယ်မှာလဲ၊ ငါ့လက်ထောက်ကို လွှတ်ပြီး ယူခိုင်းလိုက်မယ်"
"သူက ပုံမှန်တော့ ငါ့အိမ်မှာပဲနေတာပါ၊ ဒါပေမဲ့ ဒီနေ့ကျမှ သူ့မြေးမလေး ဖျားနေ တယ်ဆိုလို့ ဆေးရုံသွားတယ်၊ ငါသူ့ကို ဖုန်းခေါ်ပြီး မင်းကို ပြန်ဆက်ခိုင်းလိုက်မယ်လေ"
ဟယ်ကု ဖုန်းချလိုက်သည်။ မိနစ်အနည်းငယ်စောင့်လိုက်ရပြီးမှ ဖုန်ကျုန်းက ပြန် ဆက်သည်။ "ဟယ်ကု... ချန်က သူ့မြေးမလေးဆီသွားတာ သော့ပါ ယူသွားမိတယ်တဲ့၊ သူ သန်ဘက်ခါတော့ပြန်လာမှာပါ၊ ငါတောင်းပန်ပါတယ်၊ မင်း ဒီနှစ်ရက်တော့ မောင်းစရာကား မရှိဖြစ်နေတော့မှာပဲ၊ ငါ ကားဆရာတစ်ယောက် လွှတ်ပေးမယ်လေ"
"စိတ်မပူပါနဲ့၊ ဒီရက်ပိုင်း ငါ့လက်ထောက်ကိုပဲ မောင်းပို့ခိုင်းလိုက်ပါ့မယ်"
ဖုန်ကျုန်းက အားနာစွာဆိုသည်။ "တောင်းပန်ပါတယ်၊ ငါမင်းကို ဒုက္ခပေးမိပြီ"
"အဲ့ဒီလိုမပြောပါနဲ့ကွာ၊ ငါ့ကို လိုက်ပို့ပေးလို့ ကျေးဇူးတောင်တင်ရဦးမှာပါ"
"လုပ်သင့်လို့လုပ်တာပါကွ၊ မင်းအိမ်ကို အန္တရာယ်ကင်းကင်းပြန်ရောက်တာ မမြင် ရရင် ငါလဲ ဘယ်စိတ်အေးနိုင်ပါ့မလဲ" ဖုန်ကျုန်း၏ အသံက အလွန်နူးညံ့လှသည်။
"ချန်ပြန်လာရင် မင်းရဲ့သော့ကို သူလာပေးလိမ့်မယ်နော်"
"ကောင်းပါပြီ၊ ကျေးဇူးပါကွာ"
YOU ARE READING
ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )
RomanceTranslator - Mee Han Product Details - Book 1 + Book 2 ( 78 Episodes + 3 Extra ) Myanmar edition copyright © 2022 NEW CHAPTER COMPANY LIMITED All rights reserved.