2
ဆောင်းအိန္ဒြာ နဲ့ မောင့်ရဲ့ ဇာတ်လမ်းက အေးအေးဆေးဆေးပဲ ပြီးဆုံးသွားပေမယ့် မပြီးနိုင်တာက ခါး။
မောင်အဆင်မှပြေရဲ့လားလို့ တွေးပူမိသေးတာ။ မ ဘက်ကလမ်းခွဲစကား စပြောတာမို့ မာနနဲ့တင်းခံနေပြီး ခံစားရမှာစိုးတာရယ်။"မောင် မင်းတကယ်အဆင်ပြေရဲ့လား ဘာလုပ်ချင်လဲ ဘယ်သွားချင်လဲ ခါးအဖော်လိုက်ပေးမယ်''
သန်မာတဲ့ လက်တစ်ဖက်တည်းနဲ့ ခါးကိုအနားဆွဲကပ်လိုက်တာ စွေ့ကနဲ။ ကျန်လက်တစ်ဖက်နဲ့.ခါးဆံပင်တွေကို ထိုးဆွလာပြီး တဖြေးဖြေးငုံ့ကိုင်းလာတဲ့ မောင့်နှုတ်ခမ်းတွေက အနီးကပ်ကြီး။
မျက်လုံးတွေ အားနဲ့မှိတ်ချလိုက်မိတယ်။ဖူး.....
ခါး ဆံပင်တွေကို လေနဲ့မှုတ်လိုက်တာ။
မောင်ဟာလေ စိတ်လှုပ်ရှားအောင် အမြဲပြုစားနိုင်တဲ့သူ။"ခါး လုပ်မှ အသဲကွဲပြရမလိုဖြစ်နေပြီ....အစက နေရခက်မယ်ထင်တာ ခုကတကယ်ကိုဘာမှမဖြစ်တာ ......မောင့်ကိုစိတ်ပူမနေနဲ့ ဟိုလူတွေနဲ့သာ သွားတွေ့ မောင်တကယ်မလိုက်ရဘူးလား''
ဒီနေ့က ဟိုလူယုတ်မာတွေနဲ့ စာရင်းရှင်းရမယ့်နေ့။ အဆိုတော်ဘဝက လုံးဝအနားယူလိုက်ပြီဆိုပေမယ့် စာချုပ်ကိစ္စတွေ ပြီးပြတ်အောင် ရှင်းရဦးမယ်။
ယုံကြည့်ရတဲ့ လူကြီးတွေပါခေါ်ထားတာမို့ မောင့်ကိုမလိုက်စေပဲ ကားပေါ်မှာသာ စောင့်ခိုင်းရတယ်။ လူယုတ်မာတွေကိုမြင်ရင် မောင်စိတ်မထိန်းနိုင်မှာ စိုးတာကြောင့်ရယ်။ ဒါတောင် နည်းနည်းကြာရင် တက်လာမယ်ဆိုတာချည်း။ဟင်....ဟိုမိန်းကလေး။
စတူဒီယိုထဲကနေ ထွက်လာတဲ့ လွန်းကိုမြင်တော့ ဘာရယ်ကြောင့်မသိ အပြင်မှာကျန်နေခဲ့တဲ့ မောင့်ကိုစိတ်ပူမိပါတယ်။
မောင်က အားနာ သည်းခံတတ်တဲ့သူမဟုတ်လို့သာ တော်သေးတယ်။
ထိုမိန်းကလေးကို ခနတာစိတ်ထဲကထုတ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုပြန်တည်ဆောက်ရတယ်။မမြင်ချင်တဲ့လူတွေနဲ့ မျက်နှာချင်းဆိုင်နေရတာ အတော်လေး စိတ်ပင်ပန်းတာမို့ မြန်မြန်ပြီးပြတ်အောင် ဖြတ်ခဲ့ရတယ်။