"အဟား ဘာတွေပြောနေကြတာတုန်း ကြည့်ရတာ လေထုက တင်းမာနေသလိုပဲ''
အထုတ်တွေဆွဲကာ အနားရောက်လာတဲ့
မောင်က သူချစ်တဲ့မိန်းမနဲ့ ခါးတို့အနေထားကို အကဲခတ်လာခဲ့တယ်။"မောင်ရယ် ဒီမှာခါးလေ တစ်ယောက်တည်း အိမ်ပြန်ချင်တယ်တဲ့''
"ဟာ မပြန်ရပါဘူး မောင်စိတ်မချ ....''
"မယ်ပြောတာပေါ့ မောင်ကစိတ်ချမှာ မဟုတ်ဘူးလို့ အဲတာကိုပဲ ခါးကစိတ်ဆိုးတာ ဒီခေတ်ကြီးမှာ ယောကျ်ားမိန်းမ ဒီလိုပဲသွားလာနေကြတာကို မောင်ကသူ့ကိုအားနွဲ့တဲ့ မိန်းမသားလို ဆက်ဆံနေတာကြောင့် သူမကြိုက်တာပဲ''
အားနွဲ့တဲ့မိန်းမသားလို ဆိုတဲ့စကားက နားထဲကန့်လန့်ကြီးဝင်လာတယ်။ မောင်လည်းချက်ချင်းမျက်နှာတွေပျက်ကာ ငြိမ်သက်သွားတယ်။ အဆုံးအဖြတ်ပေးမယ့် တရားသူကြီးလို မောင့်အဖြေကို ငမ့်လင့်နေမိတယ်။ ပါးနပ်တဲ့မောင်က အရင်လိုမူမမှန်မှုကို ရှာတွေ့ဖို့ မျှော်လင့်မိပါတယ်။
ခါးဆိုတာ မောင်နဲ့မှအပြင်ထွက်ခွင့်ရတဲ့ သတ်မှတ်ချက်တစ်ခုလိုတောင် ဖြစ်နေပြီ ။ဒါတွေအားလုံးဟာလည်း မောင်ကိုယ်တိုင် တင်းကြပ်ထားတဲ့အရာတွေပဲ မဟုတ်လား။ခနကြာတော့ မောင်က အားနာဟန်စွက်နေပုံမျိုးနဲ့......."Sorry ခါးရာ မောင်အဲလိုမရည်ရွယ်တာသိမှာပါ တစ်ယောက်တည်း ပြန်ချင်တာမှလား တက္ကစီနဲ့ပြန်မလား လာ မောင်ကားလိုက်ငှားပေးမယ်''
ကားလိုက်ငှားပေးမယ်တဲ့လား နည်းနည်းလေးမှ .တားဖို့စိတ်ကူးမရှိဘူးလား။အရင်လို မင်းမသွားရဘူး ငါခွင့်မပြုဘူးလို့ အမိန့်တွေ မပေးတော့ဘူးလားမောင်ရာ။
မယ်လိမ်နေသလားလို့ တစ်ခါလေးတောင် တွေးကြည့်ဖူးရဲ့လား။ ဘယ်တော့မဆို ခါးဘာဖြစ်နေလဲ အမြဲသိတဲ့မောင် ဘယ်ရောက်သွားတာလဲ။
မောင်တို့စုံတွဲနောက် အတင်းခေါ်လို့ လိုက်လာရပြီး ခုတော့တစ်ယောက်တည်း.ကားတင်လွှတ်တော့မယ်ပေါ့။ခါးပခုံးပေါ် ခတ်ဆဆလေး လာပုတ်ပြီးခေါ်တဲ့နောက် အယောင်ယောင်အမှားမှားနဲ့ ထလိုက်လာရတယ်။ လှည့်မထွက်ခင် မယ်ရဲ့ခပ်မဲ့မဲ့အပြုံးကို မြင်ဖြစ်အောင် မြင်လိုက်ရပါသေးတယ်။
ဒီတစ်ခါ မောင့်နောက်လိုက်နေရတဲ့ ခြေလှမ်းတွေက ခါးသက်စွာ။
