တီ....တီ....
မပွင့်သေးတဲ့မျက်လုံးတွေနဲ့ အသံလာရာကို လက်ကလျှောက်စမ်းရင်း ခန့်မှန်းကာ ပိတ်ပစ်ရတယ်။ မထချင်သေးဘူးရယ်။
တီ....တီ.....
ဟင်း!
မျက်လုံးတွေကို အားယူဖွင့်လိုက်ရင်း အသံလာနေရာ ဘာကလဲဆိုတာ စူးစမ်းရတယ်။ ဖုန်းမြည်နေတာပဲ။
ကလပ်ကအပြန် မောင့်ဖေဖေအလုပ်ကိစ္စအရေးကြီးလို့ လှမ်းခေါ်တာနဲ့ လမ်းတစ်ဝက်မှာတင် မောင်ကဆင်းကျန်ရစ်တယ်။ အိမ်ပြန်ရောက်လာတဲ့ ခါးမှာသာ အတွေးများစွာနဲ့ တစ်ညလုံးအိပ်မပျော်။
မောင်နဲသူတို့ နမ်းဖြစ်ကြတယ်။ မောင်ကအသိစိတ်ရှိရှိကြီးနဲ့ကို ခါးကိုနမ်းခဲ့တာ။
ရှေ့လျှောက်ဘာဆက်ဖြစ်မှာလဲ။
မောင်လည်းခါးကို ချစ်နေနိုင်သလား၊ ဝန်ခံလာနိုင်လား မသိပါ။ မောင့်မှာ မယ်ဘွဲ့ဖြူကလည်း ရှိသေးတယ်။ ခါးကိုဒီတိုင်း မတော်တဆ အနေနဲ့ထားခဲ့နိုင်တာပဲ။ ဒီလိုတွေးမိပြန်တော့ အိပ်မပျော်တော့ဘူး။
ထူပူကျန်နေဆဲနှုတ်ခမ်းကို စမ်းမိပြန်တော့
ကြည်နူးစိတ်နဲ့ ရူးမတတ်ပါပဲ။
အနားမှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စိုးမိုးလွန်းတဲ့မောင်ကြောင့် ညကအိပ်မရတဲ့ညတစ်ညပေ။တီ....တီ.....
ဒီဖုန်းတော်တော်ဇွဲကောင်းတာပဲ။
ဟင် မယ်ဘွဲ့ဖြူ ပဲလား။"Hello''
"ဒီ နွေ ခါး''
"ဖြေးဖြေးပြောပါ နားကိုအူသွားတာပဲ''
"မပြောနိုင်ဘူး နင့်ကြောင့် ငါတစ်ညလုံးမအိပ်နိုင်သေးဘူး နင်ကတော့နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတယ်ပေါ့လေ''
သူမလည်း အိပ်မပျော်ဘူးတဲ့လား။ သူမမေးလာရင် ခါးမှာလည်း ရေရေရာရာပြန်ဖြေနိုင်တာ ဘာမှမရှိပါဘူး။ ဒီကိစ္စမှာ မောင်သာအခရာပါ။
"ငါနင်နဲ့တွေ့ချင်တယ် မဟုတ်ဘူး တွေ့ရမှဖြစ်မှာ ''
"ခါး..''
"မငြင်းနဲ့ မရဘူး ငါ့ကိုလူသတ်ချင်စိတ်ပေါက်အောင် မလုပ်နဲ့ နင်တို့လမ်းထိပ်ကဆိုင်ကို ထွက်လာခဲ့ စကားပြောယုံပဲ မျက်နှာချင်းဆိုင်ပြီးပြောချင်တာ ဒါနောက်ဆုံးပဲ နောက်ဘယ်တော့မှ ဖုန်းလည်းမဆက်ဘူး ထပ်လည်းမတွေ့ဘူး...နောက်ဆုံးအနေနဲ့ လာတွေ့''