နရဏီမောင်ဆိုတာ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ ဆုံးဖြတ်ချက်မြန်ဆန်တဲ့သူ။ တွေဝေတာတွေ၊ နောင်တရတာတွေဆိုတာ သူ့အဘိဓာန်မှာမရှိ။
ကြောက်စိတ်၊ စိုးရွံ့စိတ်ဆိုတာ ဘာလဲမေးရမလို။ သို့သော် ဦးသီဟကိုးလ်နဲ့ ပတ်သက်မိပြီးတည်းက မောင့်စိတ်ထဲမှာ မျက်လုံးထဲအကောင်ဝင်သလို ခိုးလိုးခုလုဖြစ်နေရတယ်။ သူ့မှာထုတ်ပစ်လို့လည်းမရပါပဲ အနားမှာဝဲနေတဲ့ ယင်ကောင်လို အော်ကလီဆန်စရာ ကောင်းလွန်းလှတယ်။ဖုန်း contacts list ထဲကခုထိမထုတ်ရသေးတဲ့ နာမည်တစ်ခုဟာ ခေါ်နေတာသုံးကြိမ်ရှိပြီ။ပထမတစ်ခါလို နာမည်မသိလို့ ဇဝေဇဝါကြည့်နေတာမျိုးမဟုတ်ပဲ သိလို့ကို မကိုင်ချင်မိတာရယ်။
ဆုံးဖြတ်ချက် ပြတ်သားတတ်တဲ့မောင့်ကို တွေဝေကြောက်ရွံစိတ်ကြီး ဖြစ်ပေါ်စေတာမကြိုက်ပါ။ ခါးက မောင့်စကားနားထောင်လို့သာ တော်သေးတယ်။
ခုလည်း ဘာကြောင့်ဖုန်းခေါ်နေတယ်မသိ။
Necktie ကိုသေချာလေးညှိပြီး စိမ်းပြာရောင်ကုတ်အင်္ကျီလက်ဖျားတွေ သပ်ရပ်အောင်ခါထုတ်လိုက်ကာ ဖုန်းကိုကောက်ကိုင်လိုက်တယ်။"Hello''
"ကိုယ်ပါ... ကိုးလ် ....ဖုန်းနံပတ်မဖျက်ရသေးရင်တော့ ကိုယ်မှန်းသိမှာပါ''
"လိုရင်းကိုပြော''
"ဒါဆို ကိုယ့်နံပတ်မှန်းသိရဲ့ တမင်မကိုင်တာလား ဒါမှမဟုတ် မကိုင်ရဲတာလား''
"ကျုပ်အချိန်မရဘူး အားယားနေတာမဟုတ်လို့ မပြောရင် ဖုန်းချလိုက်တော့မယ်''
"အင်း....သိပ်လောတာပဲ ဒီအချိန်ဆိုလေလံပွဲသွားမလို့ ပြင်ဆင်နေရောပေါ့....မင်းကလေလံအောင်သွားအောင် ကြိုးစားလိုက်ပါ ကိုယ်ကခါးအတွက်အချိန်ပေးလိုက်မယ်....ခါး.ကိုယ်နဲ့အတူရှိနေတယ်''
ဒီတစ်ခါတော့ မောင့်မှာယုံကြည်ချက်အပြည့်နဲ့ပါ။ ခါး ဒီလူနဲ့မပတ်သက်တော့တာ သူအသိ။
"ခင်ဗျားစကားကို ယုံပေးမယ်လို့ ဘာကြောင့်ထင်နေတာလဲ''
"အဲဒီမှာ ပုံပို့ပေးလိုက်မယ်''
ခေါင်းလေးငုံ့ကာ အစားစားနေတဲ့ပုံက ခါးမှခါးအစစ်။ ဒီလူကို ခါးတကယ်ပဲ ကြွေနေတာလားကွာ....တောက်။