မောင်နဲ့ခါး အပေါင်းအသင်းလုပ်နေတာ မောင့်ဖွားဖွားက မကြိုက်သော်လည်း နှစ်ယောက်သားမှာ အငြိုငြင်ခံကာ တွဲမြဲပင်။
ခုလည်း သူတို့နှစ်ယောက်
အတူထိုင်နေရာခုံနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာတဲ့ ဖွားဖွားဒေါ်နရဏီကြောင့် ခါးကျောလေးမတ်ခနဲ။
ထပဲပြေးရမလား မောင်နဲ့ခပ်ဝေးဝေးခွဲထိုင်ရမလား တွေးမရ။ဒေါ်နရဏီဆိုတာ ခါးတို့နှစ်ယောက် ရင်းနှီးလွန်းတာကိုမကြိုက်တတ်သူ ။အတူတူပူးကပ်ထိုင်မိရင် မျက်မှောင်တွေကုတ်ကြည့်နေတာမျိုး၊ မမြင်နိုင်တဲ့ပုံနဲ့ မျက်နှာလွှဲထထွက်သွားတာမျိုး ကြုံနေရ ခုလိုမျက်နှာချင်းဆိုင်ကြီး လာထိုင်တော့ ခါးအတွက်နေစရာမရှိ။ခါးကသာထိုင်ရမလို ထရမလိုတွေ ဗျာများနေတာ ဖွားဖွားမျက်နှာပေါ်မှာတော့ နေထိပန်းလိုလန်းလို့ ခြံဝကိုကြည့်ကာတပြုံးပြုံး။
ဂိမ်းမှာသာ အာရုံရောက်နေတဲ့မောင်က ဒါတွေမသိ။"ဟော.... လာပြီ''
ဖွားဖွားရဲ့အသံကြောင့် ခါးလည်းခြံဝကိုလှမ်းကြည့်မိတယ်။
ခြံထဲကိုဝင်လာတဲ့ နောက်ဆုံးပေါ် ကားသစ်ကြီးတစ်စီး။
ကားထဲကနေ အနီရောင်ဝမ်းဆက် ဝတ်ထားတဲ့ အမျိုးသမီး ခပ်ချောချောတစ်ယောက် ဆင်းလာတယ်။ထိုအမျိူးသမီးဟာ ချောတယ်လှတယ်ဆိုတာထက် ရဲ့ရင့်ထက်မြက်တဲ့ပုံ ပေါက်နေကာ နှင်းဆီနီတစ်ပွင့်လို။ နှုတ်ခမ်းဆိုးဆေးအဖြစ် သုံးထားတဲ့အနီရင့်ရင့် အရောင်ကအစ ရိုင်းမသွားပဲ ခမ်းနားတင့်တယ်စေသယောင်။ အနီရောင်ဆိုတာ သူမအတွက်ဖြစ်တည်လာသလို လိုက်ဖက်လွန်းလှတယ်။ဆံနွယ်ရှည်တွေက တင်ပါးဖုံးထိ။ မောင့်ဖွားဖွားအကြိုက်တွေ့စေအောင် ချောမောလှပလွန်းတယ်။
ဖျတ်ခနဲ အကဲခတ်ရုံကြည့်တဲ့မောင်ကတောင် မျက်ခုံးပင့် ငေးမောသွားတယ်။
အင်း... သူတော်တော်လှတာပဲ။"လာ သမီး....လာထိုင်''
ထိုအမျိုးသမီးဟာ ခါးကိုတည့်တည့်ကြည့်လာကာ....
"မယ်က နှစ်ယောက်လုံးနဲ့ ရင်းနှီးချင်တာမို့ အလယ်မှာထိုင်လိုက်မယ်နော်''
ဆိုးဆိုးဆတ်ဆတ်နိုင်လှတဲ့ သူမရဲ့မျက်နှာပေါ်မှာ ဖော်ရွေသလို တပြိုင်တည်းမှာပဲ ရဲတင်းသွက်လက်ကာ ခေတ်ဆန်နေပြန်တယ်။