နေဝင်ဆည်းဆာချိန်ဟာ တည်တံ့၏ စိတ်ကို ပြည့်စုံစွာဆွဲဆောင်ထားသည်။နှာခေါင်းဝကိုလတ်ဆက်စွာဝင်ရောက်လာသည့်ပင်လယ် လေကို သေချာရူရှိုက်လိုက်သည်။ လန်းဆန်းသွားသည့်စိတ်ကြောင့် လက်ထဲတွင်ကိုင်ထားသည့် ဘီယာဘူးကိုမော့၍ သောက်လိုက်သည်။
ပင်လယ်ကမ်းခြေသောင်ပြင်ပေါ်တွင် သူငယ်ချင်းသုံးယောက် ဘီယောက်ထိုင်သောက်နေကြတာဖြစ်သည်။ တည်တံ့ဒီကိုရောက်ရှိနေတာ 5လ ကျော်ပြီဖြစ်သည်။ မာမီနှင့် တစ်ယောက်သောသူကိုစိတ်ဆိုးတာကြောင့်မဆက်သွယ်ပဲထားထား၏ ။
လွမ်းလားဟုမေးပါက မလွမ်းဘူးလို့ ဖြေလျှင်လိမ်ရာကြမည်။ တည်တံ့၏ စိတ်ကိုအမြဲ ညို့ယူထားသူမှာ နှိုင်းမြတ်ဘုန်းဆိုသည့် အမျိုးသားပင်ဖြစ်သည်။ ချစ်နေတာလားလို့မေးလျှင် တည်တံ့ကိုယ်တိုင် သေချာသည့် အဖြေကို ရှာမတွေ့သေးတာဖြစ်သည်။
" မိုက်တယ်နော် ..ပင်လယ်ကမ်းခြေမှာ နေဝင်တာကိုကြည့်ရတဲ့ ခံစားချက်ကြီးက.."
ဇွဲပြောသလို တကယ်ကိုကောင်းမွန်လှသည့် ခံစားချက်ကြီးပင်ဖြစ်သည်။ ဘုရားရှင်ဖန်ဆင်းပေးထားသော သဘာဝတရားကြီးကတကယ် တကယ်လှပါသည်။
"အင်း..."
"တည်တံ့ .."
"ပြော...."
"ငါတို့ဒီရောက်ကထဲက...အကိုနှိုင်းနဲ့ မဆက်သွယ်ဘူးမလား..."
ခန့်ပိုင်မေးလာသည့် စကားကြောင့် တည်တံ့ပြုံးလိုက်မိသည်။ ဘယ်အချိန်ဘယ်နေရာမျိုးမဆို သူနာမည်ပါလာရင်တည်တံ့ကိုပြုံးစေသည်။ ဘယ်လိုအကြောင်းတရားကြောင့်လည်းဆိုတာ တည်တံ့ ကိုယ်တိုင်မသိပါ။
"ဟုတ်တယ်..."
" မင်းဆက်သွယ်သင့်တယ်..."
" ဘာလို့လဲ..."
ခန့်ပိုင်ကိုယ်နှင့်မဆိုင်သော်လည်း တည်တံ့ကို အကိုနှိုင်းနှင့် ဆက်သွယ်သင့်သည်ဟုထင်သည်။ အကိုနှိုင်းက တော်၍ ထက်မြက်သော ဆရာဝန်တစ်ယောက်ဖြစ်သည်။ ထို့အပြင် ရုပ်ချော၍ သဘောကကောင်းသေးသည် ။ထိုလိုလူကို တခြားသူစိမ်းတစ်ယောက်ကသဘောကျလာနိုင်တာ သေချာသည်။