" ဘာဖြစ်တာလဲ...မျက်နှာက ရှစ်ခေါက်ချိူးနဲ့ အချိုးမပြေတဲ့ရုပ်ပါဆို ...ဆူပုတ်နေတာပဲ...အိမ်တော့လာဘ်ရှိဦးမယ်..."
" မာမီသားဒေါသထွက်နေတာနော်...မစနဲ့..."
"မစပါဘူးငါပြောတာမဟုတ်လို့လား...နင့်မျက်နှာကိုမှန်ထဲပြန်ကြည့်လိုက်...."
"ဘာဖြစ်ဖြစ်ဗျာ...ညိုသွယ်ငါအတွက်မုန့်ထည့်ပေး..."
အိမ်အပေါ်ထပ်ကဆင်းလာပြီး မျက်နှာက ဆူပုတ်နေ၍ ခုံပေါ်ကိုဝင်ထိုင်တဲ့ သားဖြစ်သူကို မြတ် ပြောလိုက်သည်။ မျက်နှာက ဒေါသထွက်နေတာသိသာပါ၏ ။
"ဟုတ်..."
တည်တံ့ ဒေါသထွက်တယ်ဆိုတာထက် စိတ်ဆိုးနေတာဖြစ်၏။ ဘာလုပ်လုပ်တည်တံကို မတိုင်ပင်ပဲ လုပ်ချင်ရာလုပ်နေသူကို ကိုင်သာပေါက်လိုက်ချင်သည်။ အခုလိုသူ့ဘာသာဆုံးဖြတ်ပြီးမှ တည်တံ့ကိုပြောတော့ ဘာအသုံးဝင်နေမှာလဲ လုပ်ချင်ရာလုပ်ပါစေ။
စဉ်စားနေလျှင် ဒေါသထွက်၍ စိတ်မကောင်းဖြစ်ရမှာပဲရှိတာကြောင့် ညိုသွယ်ထည့်ပေးသော မုန့်ဟင်းခါးကိုသာ စားလိုက်သည်။ မုန့်ဟင်းခါးထဲကို ငှက်ပျောအူကပါ၍ ပဲခြမ်းကြော်ကို ချေပြီ ထည့်ထားတော့ အရာသာထူးပြီးစားကောင်းသည်။ ငရုတ်သီးစပ်စပ်လေးနဲ့ သံပုရာသီးကိုညှစ်၍ ထည့်ထားတာကြောင့် ပို၍ စားကောင်းသည်။
မုန့်ဟင်းခါးကိုစားကောင်းကောင်းဖြင့် တည်တံ့စားလိုက်တာခုဆို သုံးပွဲမြောက်ပင်ဖြစ်သည်။ ငရုတ်သီးစပ်စပ်ထည့်စားထားတာကြောင့် နှုတ်ခမ်းအနီးတစ်ဝိုက်နှင့် နှာခေါင်း ပါး တို့ပါ နီရဲစုတ်နေပြီဖြစ်သည်။ အစပ်ကြိုက်သလောက် အစပ်နှင့်မတည့်သူမှာ တည်တံ့ပင်ဖြစ်သည်။
"အစပ်တွေအများကြီးစားနေပြန်ပြီလား...ညကြဗိုက်တွေအောင့်နေတော့မှာပဲ စိုင်းတည်တံ့ဉီးရယ်..."
" ဘာမှမဖြစ်ဘူး..."
တည်တံ့က အစပ်တွေစားလျှင် ဗိုက်အောင့်တတ်သည်။ ငယ်ငယ်ထဲက အစပ်ကြိုက်တတ်သော တည်တံ့က အစာအိမ်ဆိုတဲ့ရောဂါကရှိလာခဲ့သည်။ တည်တံ့ဆယ်တန်းနှစ်ကဆို အူယောင်လို့ ဆေးရုံတက်ခဲ့ရသေးသည်။ အစပ်တွေမစားဖို့ အန်ကယ်က ပြောသော်လဲခိုး၍ စားသည်။ အခုလည်း မာမီက အစပ်တွေစားနေတာကို မြင်သွားတာကြောင့်ပြောလာတာဖြစ်သည်။