ကားမှန်တံခါးကိုဖွင့်၍ လက်ကိုထုတ်ပြီး မိုးစက်တွေကို လက်ခုံနှင့် ခံယူထားလိုက်သည်။ ကားမှန်ဖွင့်ထားတာကြောင့် မိုးစက်တွေက ပါးပေါ်ကျလာ၏။ ကျလာသောမိုးစက်တွေကို သုတ်လိုက်၍ မှန်ကိုပြန်တင်လိုက်သည်။
" မင်းဖျားလိမ့်မယ်...နှိုင်း..."
"မဖျားပါဘူး..."
"ခေါင်းတွေပါ စိုနေတာမလား...နောက်ခန်းထဲမှာ တဘက်ပါတယ် သုတ်လိုက်..."
စိတ်ပူတတ်သော တိမ်ယံကြောင့် နှိုင်းလည်း နောက်ခန်းထဲက တဘတ်ကိုယူ၍ ခေါင်းတွေကိုသုတ်လိုက်သည်။ ထိုအချိန်တွင် တိမ်ယံကမေးလာသည်။
" ဘယ်လိုလဲ...ငါ့ညီနဲ့အဆင်ပြေပြီလား..."
"မပြေသေးဘူး..."
" ခုဖြစ်တဲ့ပြသာနာမှာ မင်းလဲမှားတယ်..နှိုင်း..ငါ့ညီမို့လို့ပြောတာမဟုတ်ဘူးနော်...မင်းသူ့ကိုပြောပြပြီး..တိုင်ပင်သင့်တာ ..သူ့အကြောင်းလဲ မင်းသိတာပဲ.."
"ငါမှားတယ်ဆိုတာသိပါတယ်...ဒါပေမဲ့..."
နှိုင်းဆက်မပြောတော့ပဲ အပြင်ဘက်ကိုသာငေးကြည့်လိုက်၏။ နှိုင်းမှားတယ်ဆိုတာသိပါတယ်။ တိုင်ပင်သင့်တာလဲသိတယ်။ တိုင်ပင်ခဲ့လဲ တည်တံ့လိုလူကလက်ခံမှာတဲ့လား နှိုင်းအပေါ်ဆို အမြဲအနိုင်ယူပြီး အကြပ်ကိုင်သေးတယ်။ သူမကြိုက်တာ တစ်ခုတောင် နှိုင်းမှာမလုပ်ရဲခဲ့ပါ။
ဒါပေမဲ့ဆိုပြီး ဆက်မပြောပဲ ကားမှန်ဖက်ကိုလှည့်သွားသော သူငယ်ချင်းဖြစ်သူကိုကြည့်၍သာ တိမ်ယံ ခေါင်းခါမိသည်။ ကိုယ့်ညီအကြောင်းသိသော်လည်း ဒီတစ်ခါဖြစ်ခဲ့တဲ့ ပြသာနာက နှိုင်းမှားခဲ့တာဖြစ်သည်။ တည်တံ့ကမမှားဘူးလားဆို သူလဲမှားသည်။ ဘာပြသာနာပဲဖြစ်ဖြစ် လက်မပါသင့်ပါ နှိုင်းဆိုတာ တည်တံ့ထက်အသက်ကြီးသည် မဟုတ်လား။
" ဒါပေမဲ့ဆိုပြီး.. ရပ်မသွားနဲ့ ဆက်ပြော..."
" မင်းညီအကြောင်းသိတယ်မလား...ငါကတိုင်ပင်ပြီးပြောပြတယ်ဆိုရင်ရော သူကလက်ခံမယ်ထင်လား...အစကတည်းကမင်းညီကလေးချစ်တတ်တာမင်းအသိဆုံး...ကျန်တဲ့သူတွေနဲ့ကိုဘယ်လိုမျက်နှာထားပဲ ထားထား...ကလေးတွေဆိုရင် အမြဲအူယားနေတာလေ ....ငါပြောလိုက်ရင်သူကကလေးလိုချင်မှာပဲ...."