Part - 20

8.6K 569 54
                                    

၂၀၁၉ ခုနှစ်။
၆နှစ်အကြာမှာတော့ လွင် မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပြီ။ အမိမြေပေါ်ကို ခြေချလိုက်သည်နှင့် နွေးထွေးခြင်းအ​ငွေ့အသက်တွေကို တပွေ့တပိုက်ကြီး ခံစားလိုက်ရသည်။

အိမ်ကနေ ထွက်သွားတုန်းကတော့  မေမေက ဖေဖေနဲ့အတူ ကားရှေ့ခန်းမှာထိုင်​ပြီး လွင့်အား တိတ်ဆိတ်စွာ လိုက်ပို့ခဲ့သည်။ အခုအိမ်ပြန်လာတဲ့အခါမှာတော့ လွင်နဲ့အတူ ကားနောက်ခန်းမှာထိုင်ပြီး လွင့်လက်ကို ထွေးဆုပ်ထားကာလွင့်မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း စကားတွေတဖွဖွပြောသည်။ဖေဖေသည်လည်း​ ပြုံး​ယောင်သန်း​နေ​သော မျက်ဝန်းများနှင့် နောက်ကြည့်မှန်ကနေခနခနလှမ်းကြည့်သည်။

ဒါဟာ လွင်သိပ်လိုချင်ခဲ့တဲ့မိသားစုဘဝ​လေးဆိုပေမဲ့ ဒီအပြုအမူတွေကို နေသားမကျတာကြောင့် နေရခက်စေသည်။

" မေမေ့သားငယ်က ပိန်သွားလိုက်တာ... ပါးဖောင်းဖောင်းလေးတွေ လျော့သွားတယ် ... မျက်လုံးအရောင်လေးတွေလည်း မှိန်သွားတယ် "

" အသားကတော့ ပိုဖြူလာတယ် ... မေမေ့သားငယ်လက်ကလေးက နုဖက်နေတာပဲ "

လွင့်ရဲ့ပါးလေးကို ဖွဖွထိလိုက် ၊ လက်ကလေးတွေကို ပွတ်သပ်လိုက်ဖြင့် လွင်ဘယ်လိုတွေ ပြောင်းလဲသွားတယ်ဆိုတာကို အသေးစိတ်ကြည့်ပြီး ပြောနေသည်။

ပြောင်းလဲသွားတာက လွင်သည်ပဲမဟုတ်။ လွင်ထွက်သွားတုန်းက  အသက်လေးဆယ်ကျော်သာရှိသေးတဲ့မေမေက အခုဆို အသက်ငါးဆယ်ပင်ပြည့်ပြီ။ ဖေဖေ့အသက်က ခြောက်ဆယ်ကျော်ပေါ့။ မေမေနဲ့ဖေဖေသည်လည်း အသက်အရွယ်ကွာဟသည်မဟုတ်လား။

လွင့်လက်ကို ထွေးဆုပ်ထားတဲ့မေမေ့လက်နွေးနွေးလေးတွေဟာ အားမာန်အပြည့် ရှိမ​နေ​ပေ။အသားအရေလေးတွေက အရင်လို တင်းတင်းရင်းရင်း မရှိတော့ ။ ဆံပင်ဖြူလေးတစ်မျှင်တွေ့တာနဲ့ အမဲပြေးဆိုးတတ်တဲ့မေမေ့ခေါင်းမှာ  ဆံခြည်မျှင်အဖြူလေးတွေ တစ်မျှင်နှစ်မျှင်မကတော့။ အမြဲမာနဂုဏ်မောက်နေတဲ့မေမေ့မျက်နှာဟာ ပကတိအေးချမ်းစွာပင်။

ဖေဖေသည်လည်း ထို့အတိုင်း။အမြဲတစေလွင့်အား မျက်မှောင်ကြုတ်ကာ စူးစိုက်ကြည့်တတ်တဲ့ဖေဖေ့မျက်ဝန်းတွေဟာ အခုတော့ အေးအရိပ်တွေ ပြည့်လျက်ပင်။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Hikayelerin yaşadığı yer. Şimdi keşfedin