Part - 5

10.3K 673 29
                                    

၂၀၁၃ ခုနှစ်။
လွင် ဆယ်တန်းဖြစ်သည်။ ဆယ်တန်းက ဘဝရဲ့အဆုံးအဖြတ်ပဲလို့ ဆရာမတွေက ခနခနပြောသည်။ ဆရာမတွေလည်း ဖေဖေနဲ့မေမေလိုပဲ လူတစ်ယောက်ရဲ့ဘဝကို ဂဏန်းတွေနဲ့သတ်မှတ်နေသည်။ သိပ်ငြီးငွေ့ဖို့ကောင်းသည်။

ဖေဖေနှင့်မေမေသည် အရင်ကထက်စာရင် လွင့်ကိုဂရုစိုက်လာသည်။ ပျော်စရာကောင်းသည့်ဂရုစိုက်ခြင်းမျိုးတော့မဟုတ်ပေ။

လွင့်ကို အချိန်ပြည့်ကြည့်ရှူလေ့လာနေတတ်သည်။ မနက်ကနေ ညအထိ ဂိုက်ဆရာတွေ ငှားထားပေးသည်။ ထမင်းစား ၊ ရေသောက်တာကအစ စာအုပ်ကိုင်ထားမှ စိတ်တိုင်းကျသည်။ ဆယ်တန်းစာမေးပွဲအောင်မှဖြစ်မယ် ဆိုတဲ့စကားကို နေ့စဥ်နေ့တိုင်းရွတ်သည့်ဆောင်ပုဒ်တစ်ခုလို ထပ်တလဲလဲပြောသည်။ လွင် မောသည်။ သိပ်ကိုမောသည်။

ဒီနှစ်ထဲမှာ လွင့်အသက် 16 နှစ်ပြည့်သွားပြီဖြစ်သည်။ ဒီလောကကြီးထဲမှာ အားတင်းနေထိုင်ရင်း တစ်နှစ်ကုန်ဆုံးသွားပြန်သည်။ လွင် သိပ်ကိုပင်ပန်းနေပြီ။ ဒါပေမဲ့ လွင်မှာ ဖွားမြိုင်ရှိနေသေးတယ်မဟုတ်လား ။ လွင့်ကိုနွေးထွေးမှုပေးတဲ့ တစ်ဦးတည်းသော ဖွားမြိုင်။

ဒီနှစ်အတွင်းမှာ ဖွားမြိုင်က သိပ်အားနည်းသွားသည်။ ကျန်းမာရေးလည်း အရင်လိုမကောင်းတော့ပေ။ ဒူးတွေမကောင်းတော့တဲ့ဖွားမြိုင်က မနက်ခင်း​တွေမှာ လွင်ကို လာမနှိုးတာကြာရောပေါ့။ လွင်ကြိုက်တဲ့ငါးဖယ်ဟင်းကိုလည်း ဖွားမြိုင် ချက်မကျွေးတော့တာကြာပြီ။ အိမ်အောက်ထပ်က သူ့အခန်းလေးထဲက ကုတင်ပေါ်လေးမှာပဲ ဖွားမြိုင်ရှိနေတတ်တော့သည်။ ဖွားမြိုင်ဟာလည်း သိပ်ကိုပင်ပန်းနေရှာပြီ။

" ဖွားမြိုင် သားလာတယ် "

ဖွားမြိုင်က သူ့ကုတင်လေးပေါ်မှာ မျက်လုံးလေးမှိတ်ကာမှေးနေရင်း လွင့်အသံကြားတော့ အားတင်းပြုံးရှာသည်။

ဖွားမြိုင်ဟာ အရင်လို စိုစိုပြေပြေမရှိတော့​ပေ။ ဆံပင်တွေတအားကျွတ်လို့ ဦးရေပြားတွေပင်ပေါ်နေသည်။ သွားတွေလည်း မရှိတော့ပေ။ အရေပြားတွေက အရိုးမှာကပ်ကာ ဖွားမြိုင် သိပ်ကို ပိန်သွားသည်။ ဖွားမြိုင်လက်လေးကိုဖွဖွ ဆုပ်ကိုင်တော့ လွင့်လက်ကိုပြန်ဆုပ်ကိုင်ဖို့ ဖွားမြိုင်မှာ အင်အားမရှိပေ။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now