တပေါင်းညှာကျင် - ဦးယာ (အဲချင်း)
တပေါင်းငယ်မှညှာကျင်
နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့
ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်
နုညိုစင်ငယ်တဲ့လေ။ဝန်းကျင်ငယ်မှပတ်ကုံး
တွန်ထူးဘာသာ၊ ငှက်တို့မှာလည်း
စုကာရုံးလို့၊ ခြိမ့်အုန်းငယ်ကျူးသီ
အမသံညောင်း၊ "နွေမနက်ခင်းကို ငှက်တေးသီသံတွေနှင့်အတူ ထပ်ပေါင်းဖြည့်စွက်နေသည့်အသံဆာဆာလေးဟာ တိခနဲရပ်တန့်သွားသည်။အကြောင်းမှာမူကား စောင့်မျှော်နေမိသည့် တစ်စုံတစ်ဦးကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ဒီဝရံတာမှာ စာအော်ဆိုနေခြင်းမှာစိတ်ပါလွန်းလှသည်ကြောင့်မဟုတ်။ဖေဖေရေးဆွဲပေးထားသည့်အချိန်ဇယားသတ်မှတ်ချက်ကြောင့်သာလုပ်ဆောင်နေရခြင်းဖြစ်သည်။ သိပ်ငြီးငွေ့ဖွယ်ကောင်းသည်။ ထိုကြောင့် ကြည်လင်မှုကိုရှာဖွေမှဖြစ်တော့မည်။
" ဦး "
သူ့စက်ဘီးကြီးကိုထုတ်ကာ အပြင်ထွက်ရန်ပြင်နေသောဦးအား လှမ်းအော်တော့ ဦးအကြည့်သည် လွင့်ထံ ချက်ချင်းရောက်လာသည်။အပေါ်နှင့်အောက်ဆိုပေမဲ့ အနီးကပ်ဆုံးမှာရှိနေသည်ဟု ခံစားရပြီးတစ်ယောက်ကိုတစ်ယောက်လည်းသေချာရှင်းလင်းစွာ မြင်တွေ့ရသည်။
" အလုပ်သွားမလို့လား "
တဖန်လွင်ကပဲ စကားစတော့ ဦးကခေါင်းကို ဆတ်ခနဲငြိမ့်ပြသည်။အလျင်အမြန်ပြုမူလိုက်သော်လည်းအလောတကြီးတော့ဖြစ်မနေပေ။
အခုအချိန်အထိ ဦးနာမည်ကလွဲပြီး ဦးကဘာလုပ်ကိုင်တယ်၊ဘယ်ကလာတယ်ဆိုတဲ့ ဦးနဲ့ပတ်သက်ခြင်းတွေကို လွင်တစ်ခုမှမသိထားပေ။ လွင် သိချင်သည်။
" လွင် လိုက်ချင်တယ် "
ဦးက သူ့ပုံစံအတိုင်းတည်ငြိမ်စွာရှိပြီး စက္ကန့်ပိုင်းမျှ ငြိမ်သက်နေသည်။ပြီးနောက်၊
" စာမေးပွဲနီးနေပြီ လွင်
အချိန်တွေမဖြုန်းသင့်တော့ဘူး "အသံကြည်ကြည်ဟာ အသာအယာထွက်ပေါ်လာသော်လည်း လွင့်ရင်ဘတ်ထဲ၌ မကျေနပ်မှုကို ဖြစ်တည်စေသည်။
ဦးနဲ့အတူရှိတာ အချိန်ဖြုန်းတာမှမဟုတ်အချိန်ကိုအကျိုးရှိစွာ အသုံးချနေတာ။