မျက်လုံးနှစ်လုံးစတင်ပွင့်လာသည်နှင့် ပထမဦးဆုံးလုပ်သည့်အလုပ်ဟာ ပြတင်းပေါက်ကို အပြေးအလွှားဖွင့်လှစ်ခြင်းပင်ဖြစ်သည်။ တံခါးရွက်နှစ်ရွက်ပွင့်သွားသည်နှင့် တဖက်အိမ်ရဲ့ပွင့်ဟနေတဲ့ပြတင်းပေါက်လေးရယ်၊ရေဒီယိုလေးရယ်၊ဦးရဲ့အပြုံးကြည်ကြည်လေးရယ်ကို ရင်ခုန်ကြည်နူးစွာမြင်တွေ့ရသည်။
" အိပ်ရေးဝရဲ့လား လွင် "
လွင် ပြုံးရင်းခေါင်းငြိမ့်ပြတော့ ဦးကလည်းပြုံးကာနေသည်။ မည်သည့်စကားတစ်ခွန်းမှမဆိုဘဲ တစ်ဦးနဲ့တစ်ဦး အကြည့််ချင်းဆက်နွယ်၍တစိမ့်စိမ့်ငေးမောရခြင်းမှာ ဘယ်တော့အခါမှ ငြီးငွေ့သွားခြင်းမရှိ။နွေမနက်ခင်းရဲ့အချစ်ငှက်ကလေးနှစ်ကောင်အလား။မိုးမနက်ခင်း၊ဆောင်းမနက်ခင်းတွေမှာလည်း ငေးမောဦးမည်။ရာသီစက်ဝန်းကြီးလည်ပတ်နေသ၍ ငေးမောနေဦးမည်။
နှစ်လိုဖွယ်အပြုံးတွေနဲ့ ချစ်ရသူကိုမြတ်မြတ်နိုးနိုးငေးမောခွင့်ရခြင်းဟာလည်း ရှင်သန်ခြင်းကို အဓိပ္ပါယ်ရှိစေတာပဲ။
" လွင်ရေ...မနက်စာစားဖို့ ဆရာကတော်ခေါ်ခိုင်းလိုက်လို့ "
အခန်းအပြင်ဘက်က မမအုန်းရဲ့အသံကို ဦးလည်း ကြားလိမ့်မည်။
" မနက်စာ စားလိုက်ဦး "
" ဟုတ် ... မနက်စာစားပြီးရင် လာခဲ့မယ် "
" ကိုယ် စောင့်နေမယ် "
ချစ်သူဘဝရောက်သည့်တိုင် ကိုယ်စောင့်နေမယ်ဆိုတဲ့စကားကို ဦးက လက်ကိုင်ဆောင်ပုဒ်သဖွယ်နှုတ်ဆောင်ထားဆဲပင်။ထိုည၊ထိုအိပ်မက်၊ထိုခြေလှမ်းတွေဟာ သူတို့နှစ်ဦးကိုနီးစပ်သွားစေသည်။
" သားဖေဖေ စိတ်ဆိုးနေတယ် "
လွင် အောက်ဆင်းလာတော့ မေမေကသတိပေးစကား ကြိတ်ကြိတ်ဆိုသည်။ဖေဖေစိတ်ဆိုးနေသည်ဆိုတာကြောင့် မနက်ထမင်းဝိုင်းဟာ တိတ်ဆိတ်ခြောက်ကပ်နေပြီး သက်တောင့်သက်သာမရှိလှ။
" မနေ့က ဘယ်အချိန်ပြန်လာလဲ "
ဖေဖေ့အမေးကြောင့် လွင် မေမေ့ကိုအားကိုးတကြီးကြည့်လိုက်သည်။