ဖုန်းမျက်နှာပြင်ကို မျက်တောင်မခတ်စတမ်း တစိမ့်စိမ့်ကြည့်ပြီး ချိုမြိန်စွာပြုံးနေတဲ့မိမိသားကိုကြည့်ပြီး မိမိပင် လိုက်ပါပြုံးမိသည်။
" လွင့်ပုံလား "
ဖုန်းမျက်နှာပြင်ကို အကြည့်မခွာဘဲ မိမိကို ခေါင်းငြိမ့်ပြ၍သာ အဖြေပြန်ပေးသည်။
" နွေးနွေးပို့လိုက်တာလား "
ထပ်မံအမေးပြုလိုက်သောမိမိမေးခွန်းကို ကြားတော့ ခေါင်းအသာရမ်းပြသည်။ မျက်လုံးအကြည့်ကတော့ ဖုန်းမျက်နှာပြင်မှာသာ။
" လွင့်သူငယ်ချင်းက မြန်မာကိုပြန်ရောက်နေတာကြာပြီ ... အခုပုံလေးတွေက လွင်တို့ကျောင်းရဲ့Pageကနေ တင်ပေးထားတာ "
မေမေ့အမေးကိုဖြေရင်း မေမေ့ထံဖုန်းပေးလိုက်တော့ မေမေက ဖုန်းကိုအသာယူကာ ကြည့်သည်။
" ဘွဲ့ဓာတ်ပုံတွေပါလား "
ဘွဲ့ဝတ်ရုံများခြုံလွှမ်းထားတဲ့ကျောင်းသားတွေကြားမှာ ချစ်ရပါသောလွင်က ပေါ်လွင်လျက်ရှိသည်။
" လွင် နောက်ထပ်တဘွဲ့ ရသွားပြီပေါ့ "
ဂုဏ်ယူစွာပြုံးနေသောမိမိသားမှာ သူဒေါက်တာဘွဲ့ရတုန်းကထက်ပင်ဝမ်းမြောက်လျက်ရှိနေသည်။
" ကြည့်ပါဦး အရပ်ကြီးကို ... ရုပ်လေးက လူကြီးရုပ်လေးဖြစ်နေပြီ ... ချောလာလိုက်တာ "
" တစ်ယောက်တည်းပုံလေးလည်း ပါတယ် "
ဖုန်းမျက်နှာပြင်ကို ဆွဲကြည့်လိုက်တော့ ချောမောခန့်ညားသည့်လွင့်ပုံလေးကိုတွေ့ရသည်။ မိမိသားသည် လွင့်ပုံလေးတွေကို အင်မတန်ကြွားဝါချင်နေသည်။
" ဒေါ်သီသီနိုင်တို့ မသွားပါလား ... ကလေးဘွဲ့ယူကို "
" လွင်က မခေါ်တာဖြစ်မယ် ... ပြောတောင်ပြောမယ်မထင်ဘူး "
ဖြစ်နိုင်သည်။ ဦးမြတ်သျှံနဲ့ဒေါ်သီသီနိုင်တို့က လွင်ဘွဲ့ယူသည်ကို သိချင်မှသိလိမ့်မည်။ပထမအကြိမ်ဘွဲ့ယူတုန်းကလည်း ဘာအကြောင်းကြားစာမှမရလို့ မသွားခဲ့ရပေ။ လွင်က မိဘတွေအပေါ် သိပ်ကိုသွေးအေးသွားသည်ပဲ။