မြန်မာစံတော်ချိန် နံနက် ( ၈) နာရီတိတိထိုးပါပြီရှင်။မင်္ဂလာရှိသောနံနက်ခင်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
ထိုချိုမြသည့်အသံလေးဟာ ဟိုဖက်အိမ်က ရေဒီယိုလေးဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အပြင်ဘက်မှာ ဂျူလိုင်မိုးဖွဲလေးတွေ တစိမ့်စိမ့်ကျနေလေသည်။ ဦးကို သိပ်လွမ်းတာပဲ။
ဦးမျက်နှာလေးမမြင်ရတာ တစ်လပင်ရှိတော့မည်။ဦးက လွင်နဲ့မတွေ့အောင်တမင်ရှောင်နေသည်ထင် ။ထိုတစ်ချက်တော့ သိပ်ဝမ်းနည်းဖို့ကောင်းသည်။
လေးလေးနက်နက်ရေးနေတဲ့စာလွှာလေးကို လေယာဥ်ပျံသဏ္ဍန်ခေါက်လိုက်သည်။ ထို့နောက် ထိုစက္ကူလေယာဥ်လေးသည် လေပေါ်မှာပျံဝဲကာ ဟိုဖက်အိမ်၏ပြတင်းပေါက်လေးထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်ရောက်သွားသည်။
နေရာမှန်ကိုရောက်သွားသည်ကြောင့် လွင်ပြုံးလိုက်သည်။
" ပြန်တွေ့ကြမယ် ဦး "
.
" လွင် အဆင်သင့်ဖြစ်ရင် သွားကြမယ် "
နောက်ဆုံးအကြိမ်ဖုန်းကို စစ်ဆေးလိုက်သည်။ထင်ထားသည့်အတိုင်း ဦးဟာ လွင့်မက်ဆေ့တွေကို တစ်ခုမှဝင်မဖတ်ထားပေ။
ဒီနေ့ လွင် နိုင်ငံခြားထွက်မယ်ဆိုတာ ဦးသိပါ့မလား။
" မေမေ "
ရုတ်တရက် လွင့်အား ထွေးပွေ့လိုက်သည့်မေမေ့ကြောင့် လွင် လန့်ကာကြောင်အလျက်။
ထိုနေ့က ၊ လွင်ပြန်လာတော့ ကိုကို့အခန်းထဲကနေ မေမေ့ရဲ့ငိုရှိုက်သံတွေကြားရသည်။ ထိုနေ့ကစ ယခုချိန်ထိ မေမေ့မျက်နှာဟာ နွမ်းလျလျက်။
" ဟိုရောက်ရင် လွင် ပျော်အောင်နေနော်... လွင့်စိတ်တိုင်းကျနေပါ ...လိုအပ်တာရှိရင် ချက်ချင်းပြော ... မေမေတို့ကိုလည်း မကြာမကြာဆက်သွယ်နော် ... လွင် မဆက်သွယ်ချင်ရင်လည်း မမအုန်းတို့ဆီကနေ တဆင့်ပြောခိုင်းလိုက်နော် ... "
မေမေဟာ နွမ်းလျလျပြုံးရင်း စကားဆိုသည်။ ဖွားမြိုင်ရှိစဥ်က ကိုကိုနဲ့လွင်ကို မကြာခဏဆိုလေ့ရှိတဲ့ စကားတစ်ခွန်းရှိသည်။