ညင်ညင်သာသာအထိအတွေ့ကြောင့် အိပ်နေရာမှနိုးလာကာ မျက်လုံးဖွင့်လိုက်တော့ မေမေနှင့်အကြည့်ချင်းဆုံသည်။
" သားမောင် ဖျားနေပြီ "
ကြည်ရှင်းမောင်နဖူးပေါ်က လက်ကိုအသာရုတ်ကာ ခပ်တိုးတိုးဆိုသည်။ထို့နောက် အိပ်မောကျနေသောကလေးငယ်၏နဖူးကို ခပ်ဖွဖွစမ်းပြန်သည်။
" တော်သေးတယ် မကူးလို့ "
လွင့်အတွက်စိတ်အေးသွားဟန် တီးတိုးဆိုပြီး ငုပ်တုပ်ထထိုင်နေတဲ့သူ့ထံ ပြန်လှည့်လာသည်။
" ဖျားနေတာကို ဘာလို့ကလေးဘေးလာအိပ်နေတာလဲ "
သူ့ပါးနှစ်ဖက်ကိုလက်ဖမိုးဖြင့် ဘယ်ညာစမ်းကာ မျက်စောင်းဝင့်၍ မေးသည်။မေမေ့အသံက မာကြောမနေပါ။သို့သော် သူနေမကောင်းဖြစ်တာကိုတော့ အလိုကျပုံမပေါ်ပေ။
" ညက ရန်ဖြစ်ရင်းနဲ့ အိပ်ပျော်သွားတာ "
သူ့စကားကြားတော့ မေမေကပြုံးတုံ့တုံ့နှင့်။ တပြိုက်နက်တည်းမှာပင် မျက်စောင်းခဲကာ ကြည့်လာသေးသည်။
" မေမေ ကြားပါ့ "
" ဦး...."
မေမေနဲ့သူ နှစ်ယောက်တည်းတိုးညှင်းစွာစကားပြောနေချိန်မှာ အိပ်နေတဲ့ကောင်လေးက အနည်းငယ်လှုပ်ရွလာသည်ကြောင့် မေမေက အခန်းပြင်ထွက်ရန် လက်ဟန်ခြေဟန်ဖြင့်ပြသည်။
သူ ကုတင်ပေါ်ကနေအသာဆင်းလိုက်ပြီး သူ့အခန်းဘက်ကိုကူးလာခဲ့သည်။မေမေက လွင်နိုးမလာစေရန် လွင့်ရင်ဘတ်လေးကို အသာပုတ်ပေးပြီးကာမှ သူ့နောက်လိုက်လာသည်။
.
" ဒီနေ့တော့ သေချာအနားယူလိုက်ဦး သားမောင် ... နေမကောင်းဖြစ်တော့မယ်ဆိုတာ မေမေသိနေတယ် "
သူ အိပ်ယာပေါ်အသာလှဲလိုက်သည်။ လူကတစ်ကိုယ်လုံးကိုက်ခဲကာ နုံးချိနေသည်။ မေမေက သူ့ဘေးတွေထိုင်ကာ သူ့လက်တွေကို အသာထွေးဆုပ်ထားသည်။
" sorry မေမေ ... ညက အိပ်ရေးပျက်သွားလား "
မေမေက ခပ်ပြေပြေပြုံးရင်း ခေါင်းခါပြသည်။
" မိုးတွေတအားကြမ်းနေတော့ လွင်ကြောက်နေမလားဆိုပြီး တရေးနိုးတက်ကြည့်တာ သားမောင်ရှိနေလို့ မဝင်တော့တာ "