သူ့လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ Technical University of Myanmar ကနေ ပေးပို့လာသည့်စာကို သူမဖတ်ကြည့်ခဲ့သင့်ပေ။ အလုပ်မခန့်ဘူးလို့ သေချာပေါက်ပြောထားပြီး အခုတော့ အစမ်းခန့် ခန့်ပေးမယ်တဲ့လား။ ဒါသက်သက်လွင့်ကို လှောင်လိုက်တာပဲ။သက်သက်ချိုးနှိမ်လိုက်တာပဲ။ဦးကြည်ရှင်းမောင် ခင်ဗျားက ကျွန်တော့်ကို လာစမ်းနေတာပဲ။
" သားငယ် မအိပ်သေးဘူးလား "
အခန်းအပြင်က မေမေအသံကြောင့် အခန်းမီးကိုပိတ်ရန် မီးခလုတ်ဆီလက်လှမ်းလိုက်သည်။ အိပ်ယာဝင်နောက်ကျရင် ဖေဖေက စိတ်တိုသည်။ထို့ကြောင့်ငယ်ငယ်ကတည်းက အခန်းမီးကို အစောကြီးပိတ်ကာအမှောင်ထဲမှာ ငုပ်တုပ်ထိုင်ရင်း ညတွေကိုဖြတ်သန်းခဲ့သည်။ အခုလည်း လွင့်အခန်းမီးလင်းနေလို့မေမေကလာ၍သတိပေးသည်ထင်။
" မအိပ်သေးဘူးလား သားငယ် "
မီးခလုတ်ကို မပိတ်ဘဲအခန်းတံခါးကို ဖွင့်လိုက်တော့မေမေကရှိနေဆဲပင်။ နှစ်စက္ကန့်မျှ သူငြမ်သက်ကာ မေမေ့အား ရပ်ကြည့်နေမိသည်။
" ဦးကြည်ရှင်းမောင်ကျောင်းက အလုပ်ခေါ်စာပို့ထားလို့ "
မေမေ့ကိုမကြည့်ဘဲ အသံညှင်းညှင်းလေးနဲ့သူပြောတော့ မေမေကအခန်းထဲဝင်လာသည်။
" ဆရာတို့ကျောင်းက သားကိုအလုပ်ခန့်လိုက်ပြီလား "
မေမေက ထိုင်ခုံမှာထိုင်ရင်းမေးသည်။မေမေနဲ့မျက်နှာချင်းဆိုင်ကုတင်ပေါ်မှာသူထိုင်လိုက်သည်။ ပြီးတော့ မေမေ့ကိုသူစကားမပြောဘဲ နှုတ်ဆိတ်နေ ပြန်သည်။
" ပြောပြဦးလေ သားငယ် မေမေသိချင်လို့ "
မေမေသိချင်တယ်ဆိုမှ သူပြောဖို့သတ္တိရှိသွားသည်။ သူ့စိတ်ခံစားချက်တွေကို မေမေတို့ကိုရင်ဖွင့်ပြောဆိုဖို့ အလွန်တွန့်ဆုတ်နေတုန်းပင်။
" ဦးရဲ့ကျောင်းက ကျွန်တော့်ကိုအစမ်းခန့် ခန့်မယ်တဲ့ ... သုံးလအတွင်း သူတို့သဘောကျရင် အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်မယ်တဲ့ ... သဘောမကျရင် မခန့်ဘူးတဲ့ ... ကျွန်တော့်ကို သက်သက်ချိုးနေသလိုပဲ "