အိမ်ရှေ့မှာ အသင့်ပြင်ထားတဲ့ ခြင်းတွေ၊ဖာတွေကိုမြင်ပြီး ကြည်ရှင်းမောင်သဘောပေါက်လိုက်ပြီ။
" ပစ္စည်းတွေက အများကြီးပါလားမေမေ ... လွင့်ကို ထည့်ပေးလိုက်ဖို့လို့တော့မပြောနဲ့နော် "
သူ့စကားကို ကြားတော့ မေမေက ဘာများဖြစ်လို့လဲဆိုတဲ့ ပုံစံဖြင့်ကြည့်လာသည်။
" ထည့်ပေးလိုက်မလို့လေ လောလောနဲ့ဆိုတော့ ဘာမှဝယ်မပေးရဘူး "
ဘာမှဝယ်မပေးရလို့သာ တော်သေးပြီ။
လွင့်ကို အပြန်လက်ဆောင်ထည့်ပေးဖို့အတွက် ဒူးရင်းသီးက တစ်ခြင်း ၊ ကြက်မောက်သီးက တစ်ခြင်း ဒါ့အပြင် ဝက်အူချောင်းက တစ်ဖာ။သွားရဲလာရဲ၊သွားတတ်လာတတ်အောင်လို့သာ လွင့်ကိုတစ်ယောက်တည်းပြန်ခိုင်းလိုက်ခြင်းဖြစ်သည်။ ဒီခြင်းတွေ၊ဖာတွေဟာ လွင်သယ်ယူသွားဖို့အတွက် သိပ်ကိုဝန်ကြီးလွန်းသည်။
" အပြန်လက်ဆောင်ကို ကျွန်တော်ပြန်မှပဲ ယူသွားရင် ပိုကောင်းမယ်ထင်တယ် "
မေမေက အနည်းငယ်တွေးတောဟန်ပြုပြီး -
" အဲ့လိုလဲ ကောင်းတာပဲ သားမောင်က ကိုယ့်ကားနဲ့ကိုယ်ဆိုတော့ စိတ်ကြိုက်သယ်လို့ရတာပေါ့ "
သူတို့သားအမိနှစ်ယောက် အပြန်လက်ဆောင်အတွက် စီစဥ်နေချိန်မှာ လွင်က သူ့ရဲ့အဝတ်အစားအိတ်ကလေးကို ဆွဲကာထွက်လာသည်။
" အိပ်ရေးဝရဲ့လား မေမေ့ကလေး "
လွင့်ကိုတွေ့သည်နှင့် ဦးမေမေကပွေ့ဖက်သည်။ထို့နောက် လွင့်နဖူးပြေပြေလေးကို ခပ်ဖွဖွနမ်းသည်။
လွင့်ရဲ့ရင်ဘတ်လေးထဲ တသိမ့်သိမ့်တလှိုက်လှိုက်နှင့်။" လမ်းမှာ ဘုရားစာရွတ်သွား ၊ အိတ်တွေကိုဂရုစိုက် ၊ လူတွေကို အယုံမလွယ်နဲ့နော် ၊ အစစအရာရာ သတိဝီရိယလေးထားပြီး နေနော် "
လွင့်လက်လေးကို ထွေးဆုပ်ရင်း တတိတိအမှာတမ်းခြွေနေသည့် ဦးမေမေကို မျက်ရည်လည်ရင်းကြည့်နေမိသည်။
ဒီလိုအမှာစကားတွေဟာ လွင့်ရင်ကို တသိမ့်သိမ့်ရိုက်ခတ်သည်။" လွင်က ကလေးမှမဟုတ်တော့ဘဲ တစ်ယောက်ထဲပြန်နိုင်ပါတယ် "
ဦးဟာ တစ်ယောက်တည်းပြန်မည့် လွင့်အား စိတ်ပူပုံမပေါ်ပေ။