" မေတ္တာအကျိုးမှာ ဖွင့်ကာပြရင်... တန်ခိုးအာနိသင် ... ဗြဟ္မာ့ဘုံလားရာ တရားပါပဲထင် ... မှတ်ပါစေကြောင်းပင် "
မေတ္တာဂုဏ်သီချင်းကို တိုးဖွဖွညည်းဆိုရင်း ဖွေးဖွေးဖြူကာ လှိုင်လှိုင်မွှေးနေသည့် စံပယ်ပန်းတွေကို ခူးဆွတ်နေတဲ့မေမေ့အနားကို ကြည်ရှင်းမောင် အသာသွားလိုက်သည်။
" မေမေ "
သူ့အသံကြည်ကြည်ငြိမ်ငြိမ်ကို ကြားတော့ မေမေက စံပယ်ပန်းခူးနေရင်း လှည့်ကြည့်လာသည်။
" သားမောင် သက်သာလား "
သူ့နဖူးကို စမ်းလိုက်တဲ့မေမေ့လက်ကလေးကနေ စံပယ်ပန်းအနံ့သင်းသင်းလေးကို ရရှိသည်။ သိပ်ကို မွှေးတာပဲ။ ပန်းလေးတွေသာ သူ့နေရာနဲ့သူ အပင်ပေါ်မှာပဲ ဝေနေမယ်ဆို ပတ်ဝန်းကျင်တစ်ခွင်လုံး မွှေးပျံ့နေမှာပဲ။ဘယ်လောက်တောင် ရှူရှိုက်လို့ ကောင်းလိုက်မလဲ။
" အဖျားတော့ မရှိတော့ဘူး "
ဇကာခြင်းငယ်လေးထဲက စံပယ်ပန်းပွင့်လေးတွေကို စိုက်ကြည့်နေတဲ့ မိမိသားရဲ့စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ မမေးဘဲနဲ့ပင်သိသည်။
" စံပယ်ပန်းလေးတွေက ဒီလိုရွှေ(ခြွေ)ပေးမှ ပိုပြီးအပွင့်တိုးတာ ... အပွင့်ဝေတော့ အပင်ပိုလှတယ်မဟုတ်လား ... ဒီတိုင်းကြွေကျပြီး ပန်းရှောက်(ခြောက်)ဖြစ်သွားမှာထက်စာရင်ဘုရားလှူလိုက်တော့ ကုသိုလ်လည်းရတာပေါ့ မဟုတ်ဘူးလား "
မြေသြဇာကောင်းကောင်းနဲ့ ပံ့ပိုးပေးပြီး တယုတယနည်းလမ်းမှန်မှန်ပြုစုပျိုးထောင်ရင်လည်း ပန်းတွေပွင့်ပါသည်။ အပွင့်ပိုဝေဖို့အတွက် ပန်းတွေကိုခူးပစ်တာက ကြွေဖို့အချိန်မတန်သေးတဲ့ပန်းလေးတွေအတွက် နစ်နာတာပေါ့။
မေမေပျိုးတဲ့အပင်တွေမလို့ သူဘာမှမပြောလို။မေမေလည်း မေမေ့နည်း၊မေမေ့ဟန်နဲ့ ဂရုစိုက်သည်ပဲ။ ကိုယ့်ပျိုးပင်တွေကို ဂရုမစိုက်ဘဲ ပစ်ထားရင် ဒါမှမဟုတ်ရင် ဂရုစိုက်နည်းမှားနေရင် ဘယ်ရှင်သန်ပါ့မလဲ။
" လွင်ရော "
" အိပ်တုန်း "
သူ့အဖြေကြားတော့ မေမေက " အိပ်ပါစေဦး ... ညဘက်တွေ တော်တော်နဲ့အိပ်မပျော်ရှာဘူးထင်ပါရဲ့ ... " ဆိုကာ
သီချင်းလေးကို ပြန်ညည်းရင်း ပန်းလေးတွေကို ဆက်ခူးသည်။