" အတတ်ကောင်းတွေ သိပ်တတ်နေတယ်ပေါ့ မင်းမြတ်သျှံ "
မိုးထစ်ချုန်းလိုက်သကဲ့သို့ ထွက်ပေါ်လာသော ဖေဖေ့၏ဒေါသသံဟာ လွင်တို့တအိမ်လုံးကို တုန်လှုပ်သွားစေသည်။
" ဒီလိုအပေါစားစာတွေရေးဖို့ မင်းကိုပညာသင်ပေးနေတယ်ထင်လား "
" ဟမ် ! "
ထိုကြောက်မက်ဖွယ်ရာအသံတွေသည်
ဖေဖေ့၏အလုပ်ခန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအချိန်က လွင့်အသက်အရွယ် ၁၀နှစ် ဖြစ်သည်။လွင် အောက်ထပ်ကိုပြေးဆင်းကာဖေဖေ၏အလုပ်ခန်းတံခါးကို အသာဖွင့်၍ ချောင်းကြည့်လိုက်သည်။
လက်သီးတင်းတင်းဆုပ်၍ ခေါင်းငုံ့ကာရပ်နေသော အဖြူအစိမ်းဝတ်ထားသည့်ကိုကို့ကို အရင်ဦးစွာမြင်တွေ့ရသည်။
ကိုကို့ရှေ့မှာ ရပ်နေသည့်ဖေဖေ့မျက်နှာဟာ အင်မတန်မာကြောခက်ထန်နေသည်။ သိပ်ကြောက်ဖို့ကောင်းသည်။
" မင်းက ဆယ်တန်းကျောင်းသားဆိုတာရော သတိရသေးရဲ့လား မြတ်မင်းသျှံ "
မေမေလည်း ရှိနေသည်။ တံခါးလေးဟရုံဟပြီး ချောင်းကြည့်နေသည်မို့ မေမေ့ကိုတော့ မတွေ့ရ။ သေချာပေါက်မေမေ့အသံသည်လည်း ဒေါသတွေစွက်နေသည်။
" အခုချိန်မှာ စာပြီးရင်စာ စာပြီးရင်စာဖြစ်နေရမှာ "
" ဒီလို တဏှာကြောင်တဲ့စာတွေကို ရေးနေရမှာ မဟုတ်ဘူးကွ "
ဖေဖေ့စကားတွေကို လွင့်ဦးနှောက်နဲ့နားမလည်။သို့သော် သိပ်ကိုခါးသီးမှန်းတော့သိသည်။အဘယ်ကြောင့်ဆိုသော် ခေါင်းငုံ့ထားသည့်ကိုကို့ပါးပြင်ထက်က စိုလဲ့လဲ့အရာတွေကြောင့်ဖြစ်သည်။
ကိုကိုသည် သိပ်ကိုငိုခဲသည်။ ကိုကိုမျက်ရည်ကျတာတကြိမ်တခါလေးတောင်မှ လွင်မမြင်ခဲ့ဖူးပေ။ ဘယ်လောက်ပဲပင်ပန်းနေပါစေ ကိုကိုသည် နူးညံ့စွာပြုံးနေတတ်သည်။
အခုတော့ ကိုကို သိပ်ကိုဝမ်းနည်းနေသည်ထင်။ မျက်ရည်ကျရလောက်သည်အထိ။
" အချစ် ဟက်! ဘာအချစ်လဲ "
" မင်းကဘာအဆင့်ရှိလို့ ဘယ်နေရာမှာဘောင်ဝင်နေသေးလို့ အချစ်တွေလုပ်နေရတာလဲ "
