မှောင်မဲကာ ဆိတ်ငြိမ်နေသော အခန်းငယ်လေး။ အထီးကျန်ဖွယ် အငွေ့အသက်များအပြည့်နှင့်။
သွပ်ခေါင်မိုးပေါ်တွင် တပေါက်ပေါက်ကျနေသော မိုးစက်သံများက တဖြောက်ဖြောက်။ မိုးရာသီရောက်လာပြန်လေပြီ။ ကုတင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ကာ နားတွေပိတ်ထားမိသည်။မကြားချင်ဘူး။မိုးသံတွေကို သူသိပ်ကြောက်သည်။
၂နှစ်။ ဒီလောကကြီးထဲကနေ ကိုကိုထွက်ခွာသွားသည်မှာ နှစ်နှစ်ရှိပြီ။ လွင်နှုတ်ဆိတ်သွားသည်မှာလည်း နှစ်နှစ်ရှိပြီ။ လွင်၏စကားသံတွေကို တရေးတယူပြု၍ နားထောင်ပေးသည့်ကိုကိုမရှိသည့်နောက်မှာ လွင်၏စကားသံတွေဟာ တော်ရုံထွက်မလာတော့ပေ။
မနက်တိုင်း ကိုကိုများတံခါးလာခေါက်မလားဆိုကာ စောင့်နေမိတုန်း။
ညဘက်တွေမှာ စာအုပ်ဖတ်ပြပေးမည့်ကိုကိုအား မျှော်နေမိတုန်း။
ကိုကို၏ပီယာနိုတီးသံတွေကို ရံဖန်ရံခါကြားနေမိတုန်း။
တခါတရံ ကိုကို့အသံငြိမ်ငြိမ်လေးကို ကြားနေမိတုန်း။ကိုကိုမရှိတော့သည့်နောက်ပိုင်း အိမ်ကြီးဟာ ခြောက်ကပ်သထက်ခြောက်ကပ်လာသည်။ဖေဖေမေမေတို့နှင့် ဝေးသထက်ဝေးလာသည်။ တစ်အိမ်ထဲနေပြီး မျက်နှာချင်းပင်မဆိုင်ဖြစ်ပေ။ လွင်ကိုမုန်းနေကြတယ်ထင်ပါသည်။နဂိုတည်းက လွင်ကို ချစ်ကြတာမှမဟုတ်ဘဲ။
တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ အေးချမ်းသာယာခြင်းတော့မဟုတ်ပေ။
အခုတော့ လွင်၏အနားမှာ ဖွားမြိုင်သာရှိတော့သည်။
" ဒေါက် ဒေါက် "
မနက်ခင်းတိုင်းတံခါးခေါက်သူဟာ ကိုကိုမဟုတ်ဘဲ ဖွားမြိုင်ဖြစ်ခဲ့ပြီ။ဖွားမြိုင်ရဲ့ အမြင်တွေဟာ မှုန်သထက်မှုန်လာပြီ။ ခြေလှမ်းတွေဟာ တုန်ရီလို့။ အသံကျယ်ကျယ်နဲ့ပြောမှ ဖွားမြိုင် ကြားတော့သည်။ ဆံပင်တွေလည်း တခေါင်းလုံးဖြူနေပါရောလား။
" ဘယ့်နှယ့်မှောင်ကြီးမဲကြီးထဲနေနေတာတုန်း ပြတင်းပေါက်လေးဘာလေးဖွင့်မှပေါ့ "
ဖြေးနှေးသောခြေလှမ်းတွေနှင့်အတူ ပြတင်းပေါက်ဆီလှမ်းနေသောဖွားမြိုင်အား လွင်လက်ဆွဲကာ တားလိုက်သည်။