... တကယ်လို့များ မင်းအပြုံးလေးများ မရှိရင် ... ဘယ်ပွင့်မလဲ ပန်းလေးတွေ... အလှကင်းမဲ့ လောကအလယ်
ကိုယ်ဘယ်လိုနေရမလဲ... တကယ်လို့များ အိပ်မက်လေးများထဲမှာ ဆုံဆည်းခွင့်မရှိခဲ့ရင်...ကိုယ်အိပ်စက်မဲ့ညတွေ အို ဘယ်လိုကုန်ဆုံးမလဲ
... တကယ်ဆို တို့နှစ်ဦးဝေးလို့တော့ မဖြစ်နိုင်ဘူး ... ကိုယ်ရဲ့အနားမှာ မင်းအမြဲရှိနေ
မကြားရတာ ကြာပြီဖြစ်သော သီချင်းသံတဂျီဂျီလေးကြောင့် အိပ်ယာထဲကနေ ကုန်းရုန်းထပြီး ပြတင်းပေါက်တံခါးကို အလျင်အမြန် ဆွဲဖွင့်လိုက်သည်။ ရုတ်တရက်ရင်ဆိုင်လိုက်ရသောအလင်းတန်းကြောင့် မျက်စိပင်ကျိန်းရသည်။ တဖက်အိမ်ရဲ့ပြတင်းပေါက်ဘောင်လေးပေါ်မှာတော့ ရေဒီယိုလေးဟာ သူ့နေရာလေးကို ပြန်ရောက်လာပြီဖြစ်သောကြောင့် လွင်ပြုံးလိုက်သည်။
... တကယ်ဆို တို့နှစ်ဦး ဝေးလို့တော့ မဖြစ်နိုင်ဘူး ... မင်းမရှိတဲ့ကမ္ဘာ စွန့်ခွာမယ်လေ ဟိုးအဝေး..
လေလှိုင်းကြားက သီချင်းသံလေးကို ခပ်ပြုံးပြုံးနားထောင်နေရင်း အရိပ်တစ်ခုတွေ့လိုက်တာကြောင့် လွင်ကြည့်လိုက်တော့ ဦးက ပြတင်းပေါက်တွင်ရပ်ကာလွင့်အားကြည့်နေသည်။ လွင့်အပြုံးတွေဟာ တိခနဲရပ်တန့်သွားပြီး ခန္ဓာကိုယ်လေးပင် ဆတ်ခနဲတုန်ခါသွားသည်။ ထို့နောက် လွင်ချက်ချင်းခေါင်းကိုငုံ့ချလိုက်သည်။
အကြောင်းမှာမူ အပေါ်ပိုင်းတွင် ဘာမှမဝတ်ထားသော ဦးကြောင့်ပင်။ ဆံပင်ကရေစိုနေသည်ကို ကြည့်ခြင်းဖြင့် အခုမှရေချိုးပြီးပုံပေါ်သည်။ လွင် အမြန်ပင် တံခါးကို ဆွဲပိတ်လိုက်သည်။ ရင်ဘတ်ကလည်း တဒုတ်ဒုတ်နှင့်ခုန်လွန်းနေတာကြောင့် လက်ဖြင့်ပင်ဖိထားရသည်။ လွင့်ပါးနှစ်ဖက်သည် ပူရှိန်းရှိန်းဖြစ်လျက်။ ဦးရဲ့အပေါ်ပိုင်းဗလာဟာ လွင့်ကို တုန်ရီစေသည်။
" လွင် "
ဦးရဲ့အသံကြည်ကြည်ဟာ တဖက်စီမှ အသာအယာပင် ထွက်လာသည်။
" ဘာဖြစ်သွားတာလဲ လွင် "
ထပ်မံထွက်လာသော ဦးရဲ့စကားသံကြောင့် ပြတင်းပေါက်ကို မျက်လုံးတစ်လုံးစာခန့် ဟပြီး ချောင်းကြည့်လိုက်သည်။