တစတစတိုးဝင်လာတဲ့နွေရက်တွေနဲ့အတူ အပူချိန်ဟာလည်း နေလုံးကြီးကိုမီးမြိုက်ထားသကဲ့သို့ပင် လိုက်ပါလာသည်။
ရပ်ကွက်အတွင်းတွင်လည်း မီးဘေးရှောင်မလောင်ခင်တားအစီအစဥ်တွေ၊နွေရာသီမှာမီးဘေးအတွက်လိုက်နာရမည့်အချက်တွေ၊သတိထားရမည့်ကိစ္စရပ်တွေကိုအသံချဲ့စက်နှင့်လှည့်လည်ဆော်သြသလို၊လက်ကမ်းစာစောင်များကိုအိမ်တိုင်ရာရောက်ကမ်းဝေခြင်းများပြုလုပ်၍လည်းသတိပေးလျက်ရှိသည်။
ထို့အပြင် တစစနှင့်နီးကပ်လာသည့်ဆယ်တန်းစာမေးပွဲကြီးအတွက်လည်းတက္ကသိုလ်ဝင်တန်းကလေးများ၏စာကျက်နေသည့်အချိန်ကာလဖြစ်တာကြောင့် ဆူညံသံများမပြုလုပ်ရန် ရပ်ကွက်အလိုက် တာဝန်ရှိသူများကဆော်သြလျက်ရှိပြန်သည်။
မည်မျှပင် ပူလွန်းသောနွေ ဖြစ်ပါစေ ဘေးမှာရှိတဲ့ ဦးကြောင့် လွင့်မှာစိတ်ရောကိုယ်ပါ အေးမြရပါသည်။
ဦးရဲ့ပိတ်ရက်တွေမှာ ပို၍ပျော်စရာကောင်းသည်။ နေ့လယ်ဘက်ဆို ဦးအိမ်ရှေ့ကစက္ကူပင်အုံအရိပ်ရဲ့အောက်မှာ ဦးနဲ့အတူ စာလုပ်ရသည်။ အရင်လို စာအုပ်ကြီးကိုင်ပြီး စာအုပ်ကြီးထဲနစ်ဝင်မတတ် စာဖတ်နေတာမျိုးမဟုတ်ဘဲ လွင့်ထံတွင်သာ အာရုံစိုက်ထားသည်။ ပြီးတော့ ဘေးကနေ တောက်လျှောက်ယပ်ခတ်ပေးနေတတ်သည်။
စာလုပ်ချိန်မှာ စာသေချာလုပ်စေပြီး စားချိန်မှာ စား၊နားချိန်မှာ နားရသည်။ဦးသည် ဘယ်တော့မှဖိအားပေးခြင်းမျိုးကို မပြုလုပ်ပေ။ထို့ကြောင့် လွင်သဘောကျရသည်။
ပြီးတော့ လွင်စားချင်တာတွေ တစ်မျိုးပြီးတစ်မျိုး လုပ်ကျွေးသည်။ မမအုန်းတို့လာပို့တဲ့ မုန့်တွေတောင်အရသာမတိုးတော့သည်အထိ ဦးရဲ့လက်ရာက သိပ်ကောင်းသည်။ ထို့ကြောင့် လွင်သဘောကျရသည်။
နေလာရင်းနဲ့ ဦးရဲ့ဝါသနာတစ်ခုကိုလည်း မမေးကြည့်ဘဲသိခဲ့ရသေးသည်။အဲ့ဒါက အပင်စိုက်ခြင်းပင်။ အရင်ကခြောက်ကပ်နေတဲ့ဦးရဲ့အိမ်ဘေးကမြေကွက်လပ်လေးမှာ အခုတော့ သပြေ၊ကံ့ကော်၊ရွက်လှ၊စံပယ်၊နှင်းဆီအပြင် ဘူး၊ဖရုံ၊သခွား၊ချဥ်ပေါင်၊ငရုတ်စသဖြင့်သီးနှံစုံ စိုက်ပျိုးထားသည့် ဦးဖန်တီးထားသော ဥယျာဥ်လေးတစ်ခုဖြစ်နေပြီ။ ဦးဟာ အပင်တွေကိုချစ်သော ဥယျာဥ်မှူးလည်း ဖြစ်ပြန်သည်။ထို့ကြောင့် လွင် သဘောကျရသည်။