ရုတ်တရက်ပွင့်ဟလာသော အခန်းတံခါးကြောင့် စီးကရက်ညှပ်ထားသောညာလက်ကို အလျင်အမြန် လက်နောက်ပစ်ကာ ကွယ်ဝှက်လိုက်သည်။
လက်ထဲမှာ သန့်ရှင်းလုပ်မဲ့ပစ္စည်းတွေရယ် တခြားအထုတ်တွေရယ်ကို မနိုင်မနင်းသယ်ကာဝင်လာတဲ့ မမအုန်းကြောင့် သူ သက်ပြင်းဖွဖွချလိုက်သည်။
" မေမေလားလို့ "
သူစီးကရက်စွဲနေတာကို သိသွားတဲ့မေမေက သူစီးကရက်သောက်တာမြင်ရင် ဝမ်းနည်းတဲ့မျက်ဝန်းတွေနဲ့ ကြည့်တတ်သည်။ ထို့ကြောင့် သူမေမေ မသိအောင် စီးကရက်ကို သောက်သည်။ ခိုးသောက်ခြင်းမဟုတ်ဘဲ မသိအောင်သောက်ခြင်းဖြစ်သည်။
" အခန်းထဲဝင်မယ်ဆို တံခါးခေါက်ရမယ်ဆိုတာ မမအုန်း မေ့သွားပြီလား "
သူ့ရဲ့မကျေမနပ်စကားကို ကြားတော့ မမအုန်းက သူ့ကို မောမောဖြင့် ကြည့်လာသည်။
" ခေါက်မအားလို့ပါတော် နောက်မဖြစ်စေရဘူးနော် "
လွင် ထိုင်ခုံပေါ်ခြေချိတ်ထိုင်လိုက်ပြီး ဖွာလက်စ စီးကရက်ကို ဆက်ဖွာတော့ မမအုန်းက နှာခေါင်းရှုံ့သည်။ထို့နောက် လက်ထဲက အထုတ်ကို သူ့အား ထိုးပေးသည်။
" ဆရာကြည်ရှင်းမောင် လာပေးသွားတာ "
အင်္ကျီထုတ်နဲ့သစ်သားသေတ္တာလေး။
" ပစ်လိုက်တော့ "
လွင့်စကားကို မမအုန်းက မကြားသည်လား၊မသိဟန်ပြုသည်လား မရေရာ။ထိုအထုတ်ကို လွင့်စာကြည့်စားပွဲပေါ်မှာ အကျအနတင်ပေးသည်။
" ပေး "
လွင့်လက်ထဲက စီးကရက်ကိုကြည့်ကာ တောင်းလာသည့်မမအုန်းကို လွင် ထိုင်နေရင်းက မျက်လုံးလှန်ကြည့်လိုက်သည်။
" သောက်ပါရစေ မမအုန်းရာ "
" မရပါဘူး မပေးရင် ဆရာကတော်နဲ့တိုင်မှာ "
မေမေနဲ့ အကျပ်ကိုင်လာသည်ကြောင့် လွင်မပေးချင်ပေးချင်နဲ့ ပေးလိုက်သည်။မေမေသိသွားရင် ဝမ်းနည်းနေပြန်ဦးမှာ။လွင် စိတ်ရှုပ်မခံချင်ပါ။
" မမအုန်းကို ကျွန်တော့်ဘက်ကလို့ ထင်ထားတာ "
" လွင့်ဘက်ကမလို့ တားနေတာပေါ့ ... ဆရာဦးမြတ်သျှံက ကြက်မွှေးတပြင်ပြင်လုပ်နေပြီ ... ဒီအရွယ်ရောက်မှ ကြက်မွှေးစာမိတော့မယ် "