လွင်အိပ်ရာကနိုးလာတော့ မေမေက လွင်ဖွထားတဲ့အရာတွေကို သိမ်းဆည်းနေသည်။ ညက လွင့်ကြောင့် အိပ်ရသေးပုံလည်း မပေါ်ပေ။
ညကအဖြစ်အပျက်ကြောင့် မေမေနဲ့ဖေဖေကလွင့်ကို စိုးရိမ်လျက်ရှိတုန်းပင်။မေမေနဲ့ဖေဖေကိုပွေ့ဖက်ကာ စိတ်မပူလို့ရကြောင်းပြောချင်ပေမဲ့ လက်တွေ့မှာ တွန့်ဆုတ်နေခဲ့သည်။
ဒီနေ့ အင်တာဗျူးသွားဖြေရမည်။
အဖြူရှပ်င်္ကျီလက်တိုနဲ့ပုဆိုးတစ်ထည်ကို ရိုးရှင်းစွာဝတ်ဆင်လိုက်သည်။ စိတ်အခြေအနေနဲ့ အလုပ်ကိုရောထွေးလိုက်လို့မရပဲ။အခန်းအပြင်ထွက်ခါနီးမှာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ခေါင်းဦးကိုယူကာ ဗီရိုထဲထည့်သိမ်းလိုက်သည်။ငယ်စဥ်ကလေးဘဝက အရေးမပါတဲ့ စွဲလန်းမှုတွေ။
" သား ထမင်းစားတော့မလား ၊ ပဲပြုတ်နဲ့နံပြားလည်းရှိတယ်၊နန်းကြီးသုပ်လည်းရှိတယ် "
လွင့်ကို မြင်တော့ မေမေက မီးဖိုချောင်ထဲကနေ အပြေးလေးထွက်လာသည်။ ညကသေချာမအိပ်ထားရသေးတာကို အနားမယူဘဲ လွင့်အတွက်မနက်စာကိုကိုယ်တိုင်ပြင်ဆင်နေပုံရသည်။
" မစားတော့ဘူး ... ကျွန်တော်အင်တာဗျူးရှိလို့ "
" အင်တာဗျူးလား ... မေမေ့ကို ကြိုမပြောဘူး ... ကြိုသိရင် မေမေဒီထက်ပိုစောစောလေးပြင်ထားမှာပေါ့ "
လွင့်ကိစ္စအရပ်ရပ်တွေကို ဖေဖေနဲ့မေမေကို မပြောပြဖြစ်ပေ။ ပြောပြသည့်အခါတိုင်း အရေးမလုပ်ခဲ့တာကြောင့် ပြောပြဖို့မလိုအပ်ဘူးလို့လည်းထင်သည်။
" အခုလည်း နောက်မကျပါဘူး ဝင်စရာလေးရှိလို့ "
" သားဖေဖေက သားသွားစရာရှိသွားရအောင် ကားထားပေးခဲ့တယ် ... သားအတွက်က နောက်နေ့မှ သားစိတ်ကြိုက်သွားကြည့်ပြီးဝယ်လေ "
မေမေက ကားသော့အမြန်ယူပြီး လွင့်ကိုပေးသည်။
" မယူသွားတော့ဘူး ၊ အင်တာဗျူးကဦး... ဦးကြည်ရှင်းမောင်ရဲ့ကျောင်းမှာပဲ "
ဦးရဲ့ကျောင်းက မဝေးတာမလို့လမ်းလျှောက်သွားရင်လည်းဖြစ်သည်။ပြီးတော့ ကားနဲ့လည်း မသွားချင်ပါ။