CH- 91

1.5K 147 8
                                    

အခန်း ၉၁ ကိုယ်တိုင်မေးစေချင်တာ...

ပန်းချီကားထဲတွင် ကော့ညွတ်နေတဲ့ မျက်ခုံးမွှေးလေးတွေနဲ့ လဲ့ကျစ်ရဲ့ မျက်လုံးတွေက ကောင်းကင်မှာ တောက်ပနေတဲ့ လကို မော့ကြည့်နေသည်။

ထိုနေ့က ရှန့်ယန်မြို့၌ သူမနှင့် ဟော်တူတို့က လကို အတူကြည့်ခဲ့ကြသည့် မြင်ကွင်းဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ပန်းချီကားထဲတွင် သူမ၏ နံဘေးနေရာက ဗလာဖြစ်နေသည်။

သူ ရှိမနေခဲ့ပါဘူး။

လဲ့ကျစ်၏မျက်လုံးများက အံ့သြမှု အနည်းငယ်ကို ပြသလာသည်။ ပန်းချီကားပဲဖြစ်ဖြစ် သူ့စကားပဲ ဖြစ်ဖြစ်...သူမ နားမလည်နိုင်ခဲ့ပေ။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူတို့နှစ်ဦးက အရာများစွာကို တွေ့ကြုံခဲ့ရပြီး ဟော်တူ့နှလုံးသားထဲတွင် သူမ ရှိနေကြောင်း လဲ့ကျစ်က သဘာဝကျကျ သိခဲ့သည်။ သို့သော် သူ့အတွက် သူမက မည်မျှ လေးနက်မှုချိန်သည်ကို သူမ မသိပေ။

တစ်နည်းဆိုရသော် သူမက ထိုအကြောင်းကို တမင်တကာ မတွေးချင်ခဲ့တာပါ။

ဒီအခိုက်အတန့်မှာ အတူတူပါပဲ။

လဲ့ကျစ်က သူမ၏မျက်လုံးများမှ ရှုပ်ထွေးမှုများကို ဖုံးကွယ်ကာ တည်ငြိမ်စွာ မတ်တပ်ထရပ်ကာ သူ့ကို လှည့်ကြည့်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။ "အရှင့်သားက ထိုက်ဇီရာထူးကို ရုတ်သိမ်းမယ့် အမိန့်တော်အကြောင်းကို သိထားပြီးသားပဲ မဟုတ်လား"

ဟော်တူက သဘောတကျရယ်နေသော်လည်း ဤရယ်မောမှုတွင် တင်းကျပ်မှုအနည်းငယ်ကို သိုဝှက်ထားသည်။

"လဲ့ကျစ်၊ ကိုယ်က မသေမျိုး မဟုတ်ဘူး" ဟု သူက ပြန်ပြောလာသည်။

အစီအစဉ်များနှင့် နည်းဗျူဟာများ ရေးဆွဲခြင်း၊ လူတို့၏စိတ်နှလုံးများကို တွက်ချက်ခြင်း၊ ပတ်ဝန်းကျင်ရှိ လောဘကြီးသော လူများ၏ အစီအစဥ်များနှင့် ထောင်ချောက်များကို ဝေဖန်ပိုင်းခြားကာ တန်ပြန် အစီအမံများကို စောစီးစွာ ကြိုတင်ပြင်ဆင်ခြင်း..... အဲ့ဒါတွေက သူ မှတ်မိတက်တဲ့အရွယ်ထဲက သူ နေ့တိုင်း လုပ်နေရတဲ့ အရာတွေပါ။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now