ဒေါက်တာ ဦးမြင့်ဟန်သည် ဆေးရုံကြီးတွင် ရပ်တန့်လျက် သပ်ရပ်သော ဆေးရုံဝင်းကို ငေးမောကြည့်ရင်း ဒေါ်ယဉ်နွဲ့ခိုင် ရောက်ရှိလာခဲ့စဉ်ကို ပြန်လည်အမှတ်ရနေမိ၏။ မနက်က ခွဲစိတ်ခန်းတံခါးကို အသာအယာတွန်းဖွင့်မိစဉ် မူယာရဲ့ စကားသံများကို သူကြားခဲ့ရသည်။ ခွဲခန်းထဲ မဝင်တော့ဘဲတိတ်ဆိတ်စွာ သူပြန်ထွက်ခဲ့သည်။ လှလှတင်ကတဆင့် မူယာ ပြဿနာရှာဖွေနေသည်များကို သူကြားသိနေခဲ့သည်။
"မမအပေါ် ဘာမကျေလည်နေတာလဲ။ ကျွန်မလည်း မစဉ်းစားတတ်တော့ဘူး ဆရာ။ မမကလည်းငြိမ်နေတော့ ကြားထဲက ကျွန်မဖြင့် အူယားတယ်။ တစ်ဆိတ်ရှိ မမကိုယ်ရေးကိုယ်တာကိုပဲ တိုက်ခိုက်နေတော့တာ။ တစ်ခုတော့ရှိတယ်။ သူက လမ်းမတော်မှာ မမဆေးခန်းနဲ့ သုံးလေးအိမ်ကျော်မှာ ဖွင့်ထားတော့အဲဒီမှာများ ပြဿနာရှိသလား မသိဘူး။ မမက A.S ဆိုပေမယ့် စပယ်ရှယ်လစ်(စ်)ပဲ။ သူ နေရာထားတတ်ရမယ်လေ။ သူ ကျွန်မတို့ဝါ(ဒ်)ကို ရောက်လာမှာတောင် ကြောက်တယ်။ ဒေါ်မူယာကလည်း သက်သာလို့ OPD မှာ နေရတာ ကြိုက်မှာပါ။ သူ့ကို ဝါ့(ဒ်)ထဲ မပို့ဘဲ OPD မှာပဲ ထားရင် မမနဲ့လည်း သိပ်တွေ့စရာမရှိတော့ဘူး။ ပြဿနာလည်း မဖွေနိုင်တော့ဘူး။ အဲဒီလိုဆိုရင် မကောင်းဘူးလား"
"မကောင်းဘူး"
ဦးမြင့်ဟန် စိတ်ထဲက ပြောလိုက်ပေမယ့် နှုတ်က ခပ်မဆိတ်ပင် နေမိသည်။ လှလှတင်နှင့် သူက ဆေးရုံသက်နီးပါး တွဲလုပ်လာခဲ့သူများ ဖြစ်သည်။ ဆေးရုံတွင် လူညီညီဖြင့် လုပ်ငန်းလည်ပတ်ကြရလျှင် ပင်ပန်းတယ်မဟုတ်ဘဲ အလုပ်လုပ်ကိုင်နိုင်ခဲ့သည့် အခါများစွာကို သတိရနေမိကြသည်။
မူယာလို အလုပ်ဝင်စ ဆရာဝန်တစ်ဦးကို ပညာမတိုးသော OPD (အပြင်လူနာဌာန) မှာချည်း ချထားဖို့က မဖြစ်နိုင်ပေ။ သူ့ကို ချောင်ထိုးထားသည်လားဟု မမေးဝံ့ဘဲ နေမည့်သူမျိုးလည်း မဟုတ်။ ပိုလို့ပင်ပြဿနာကြီးမားလာနိုင်သေးသည်။ မူယာ့ကို OPD မှာချည်း ထားပြီး ခွဲစိတ်ကုသဘက်မှာ သူကဲ့သို့ပင် ဝါသနာကြီးလှသော ဒေါက်တာချမ်းကို ဒေါ်ယဥ်နွဲ့ခိုင်၏ ခွဲစိတ်ကုသဆောင်တွင် အစဉ်အမြဲ တာဝန်ချထားပေးလိုက်လို့က အခြေအနေတွေ ပိုရှုပ်ထွေးမလာနိုင်ဘူးလား။ မူယာက သူ့အလိုအလျောက် OPD မှာအစဉ်နေပါရစေ တောင်းယူမယ့်အချိန်ကို စောင့်တာက ပိုအန္တရာယ်ကင်းမည်။
BẠN ĐANG ĐỌC
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Lãng mạn" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...