ဦးမြင့်ဟန်က သူ့ရုံးခန်းလေးထဲ စောစီးစွာ ရောက်နေခဲ့သည်။
ညက ဒေါက်တာရဲညွန့်သွင်ထံမှ ဖုန်းအဆက်အသွယ်ရခဲ့သည်။ လာမည့် ဗုဒ္ဓဟူးနေ့မှာ မြေလတ်သို့ ရထားဖြင့် လာခဲ့ပါမည်။ ဆရာကြီးမှ သူနှင့်မိသားစုကို ဘူတာမှာ လာကြိုပေးဖို့ စီစဉ်ပေးနိုင်ပါမလားဟု ယဉ်ကျေးစွာ သူလိုချင်တာကို ပြောခဲ့လေ၏။ ဦးမြင့်ဟန်က စိတ်ချပါဆရာ။ ကျွန်တော် စီစဉ်ပေးပါမယ်" ဟု ဖုန်းထဲမှာ ပြန်ပြောခဲ့သည်။ ဆေးရုံနေအိမ်ကိစ္စကို မေးမြန်းသည်။ ဆေးရုံနေအိမ် အသင့်ရှိပါတယ်။ လက်ရှိဆာဂျင်က အလုပ်လွှဲပြောင်းပေးဖို့ စောင့်နေပါတယ်ဟု သူပြန်ဖြေခဲ့၏ ။
သူနှင့်လဲရမည့် ဒေါက်တာယဥ်နွဲ့ခိုင်ရဲ့ ဆေးခန်းကိုပါ သူဆက်ဖွင့်မှာဖြစ်ကြောင်း ဆရာမှ ပြောထားပေးပါ။ ဒေါ်ယဥ်နွဲ့ခိုင်ကို နှုတ်ဆက်ပွဲကော ပြုလုပ်ပြီးပါပြီလား မေးသောအခါ ဦးမြင့်ဟန်က မနက်မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်းပြောတော့၊ နောက်ကျသွားတာ ဆောရီးပါ။ ဆရာတို့ ကျွန်တော့်အတွက် ကြိုဆိုပွဲသက်သက် လုပ်နေရတော့မှာပါ ဟု တည်ငြိမ်ပါးနပ်သော အသံရှင်က ဆိုလေ၏။ ဒေါ်ယဉ်နွဲ့ခိုင် ရောက်ခဲ့စဉ်က ကြိုဆိုပွဲ မရှိခဲ့သည်ကို သတိရမိရင်း ပင့်သက်ရှိုက်မိကာ ... ။
"ဆရာ လာသာလာခဲ့ပါ။ ကျွန်တော်တို့ ဒီမှာ အားလုံးအဆင်ပြေအောင် စီစဉ်ပေးပါမယ်" ဟုပြောဆိုခဲ့ရသည်။
ထိုသတင်းကို ဒေါ်ယဥ်နွဲ့ခိုင်သို့ ပြောပြရမည်ပေ။ ဒေါက်တာရဲညွန့်သွင် ရောက်ခဲ့လျှင် ဒေါ်ယဉ်နွဲ့ခိုင် နောက်တစ်ရက် သို့မဟုတ် နှစ်ရက်မှာ မြေလတ်မှ ထွက်ခွာရပေမည်။ နံနက် ၁၀ နာရီတွင် နှုတ်ဆက်ပွဲ ရှိသည်။ ထိုပွဲကျမှပင် ဒေါ်ယဥ်နွဲ့ခိုင်နှင့် ဆုံတွေ့ ပြောပြရတော့မည်။
ဦးမြင့်ဟန်က တွေးနေဆဲ ဆင်နားရွက်တံခါးက ပွင့်လာခဲ့သည်။ ယဉ်နွဲ့ခိုင်နှင့် ခင်ငြိမ်းချမ်းတို့ ဝင်လာခဲ့ကြသည်။
"ဂွတ်မောနင်း ဆရာ"
ယဉ်နွဲ့ခိုင်က သူ့ကို ပြုံးနှုတ်ဆက်ခဲ့လေ၏။ သူမမှာ သူမ ဝတ်ဆင်ဖူးသော ခရမ်းပြာခံ အနက်ရောင် ရခိုင်ချိတ်စိပ်စိပ်လေးများနှင့် ချည်ဇာပွင့်ဖြူ အင်္ကျီလက်စကကို ဝတ်ဆင်ထားခဲ့ကာ သည်အဆင်အပြင်က သူမကို သွယ်နွဲ့ယဉ်ကျေးလှပစေမြဲဖြစ်လေ၏ ။ ခင်ငြိမ်းချမ်းကလည်း သူဝတ်ဆင်လေ့ရှိသော အဆင်အပြင်ဖြစ်သည့် ရှပ်လက်တိုအဖြူနှင့် စတိုင်ပင် အနက်ရောင်ကိုပဲ ဝတ်ဆင်ထားခဲ့လေ၏ ။
YOU ARE READING
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Romance" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...