အခန်း(၁)

6.4K 188 6
                                    

ဆေးရုံခြံစည်းရိုး အပြင်ဘက်မှ မန်ကျည်းပင်အိုတန်းကို ခွဲစိတ်ခန်းမှ လှမ်းမြင်နေရသည်။ မန်ကျည်းတန်းမည်သော ထိုလမ်းကလေးတွင် မန်ကျည်းရွက်နုသစ်တွေဖြင့် စိမ်းနုနု အရိပ်ဝေလာစ။ ရွာတွေဆီမှလှည်းတစ်စီးက တအိအိမောင်းနှင်ခိုက်ဖြစ်သည်။ မန်ကျည်းရွက်ဝါတွေက ထိုလှည်းပေါ်သို့ တဖွဲဖွဲနှင့်ကြွေမဆုံး။ ဖုန်လုံးတွေက လှည်းနောက်မှ ပြေးလိုက်နေကြသည်။ မွန်းတည့်နေ ကျဲကျဲပူပြင်းနေ၏။ ကြည့်လေရာရာ သွေ့ခြောက်တိတ်ဆိတ်နေခဲ့သည်။

လက်ဆေးကန်တွင် လက်ဆေးကြောရင်း ပြတင်း‌‌ပေါက်မှတဆင့် ငေးမောမိနေသည်။ စူးစိုက်ခဲ့ရသောအမြင်အာရုံကြောတွေကို အညောင်းပြေ လျှော့ထားရင်း ပြင်ပအဝေးသို့ အကြည့်လွှင့်ထားမိသည်။

နွေနေ့လယ်က သည်နေ့တွင်မှ ပိုလို့ငြီးငွေ့ဖွယ်။ အထီးကျန်ဆန် ခြောက်သွေ့လှချည့်ကွယ်။ ခွဲစိတ်ခန်းထဲမှာတော့ တိတ်တိတ်ဆိတ်ဆိတ် မဟုတ်ခဲ့။ စောစောလေးကမှ ခွဲစိတ်မှုတစ်ခု ပြီးထားခဲ့သည်။ ခွဲခန်းသုံး သံမဏိထည်ပစ္စည်း သိမ်းဆည်းသံတွေက ဆူညံစွာ ထွက်ပေါ်နေခဲ့သည်။ ခွဲစိတ်ခန်းတာဝန်ခံ မလှလှတင်ရဲ့ မျက်နှာပြည့်ပြည့်ကြီး အလိုမကျရိပ်ထင်နေခဲ့မှာ မြင်ယောင်ကြည့်မိသည်။ ခွဲစိတ်ကုသမှုတစ်ခုကတော့ အောင်မြင်ပြီးဆုံးခဲ့ပြန်တာပဲ။ ပင့်သက်တစ်ရှိုက်နဲ့အတူ ယဉ်နွဲ့ခိုင် တွေးညည်းမိသည်။ မျက်နှာသုတ်ပဝါပိုင်းကို ဖမ်းဆွဲယူ လက်သုတ်ကာ အလျင်စလို ဖြန့်လွှားတင်မိသည်။ ခွဲစိတ်ခန်းထဲမှ ထွက်လာမည့်သူ တစ်ဦးဦးနှင့်မှ ရင်မဆိုင်နေချင်ဘဲ ခွဲခန်းကို ကျောခိုင်းလို့ ခြေလှမ်းသွက်သွက်ထွက်ခဲ့မိ၏။ သံမဏိထည်ပစ္စည်း သိမ်းဆည်းဆူညံသံတွေက ယဉ်နွဲ့ခိုင်ရဲ့ နောက်ဘက်မှာ တဖြည်းဖြည်း ဝေးနေရစ်ခဲ့ပြီ။

"ပြီးစီးသွားတဲ့ ခွဲစိတ်ကုသမှုရဲ့ အခြေအနေကို ခွဲစိတ်ခန်းထဲကအသံ နားထောင်ကြည့်ရုံနဲ့ သိနိုင်တယ်"

လွန်ခဲ့သော ၄-နှစ်က ပြောင်းရွှေ့သွားသော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဦးဟန်တင် ပြောလေ့ရှိသည်။

"မဟုတ်ဘူးလား လှလှတင်"

နောက်ဆက်တွဲအနေဖြင့် လှလှတင်ကို ကျီစယ်တတ်သေးသည်။ ဆရာကြီးပြောလည်း ပြောစရာ။ ဆရာပြောမှပင် ကိုယ့်ကိုယ်ကို သတိထားမိရသည်။ ခွဲခန်းထဲမှ တွန်းထုတ်သွားသော လူနာအခြေအနေက ကောင်းမွန်လျှင် လှလှတင် ခွဲစိတ်ခန်း စခန်းသိမ်းပုံက စိတ်ပါလက်ပါရှိလှတော့၏။ ခွဲစိတ်ကိရိယာတွေကို ဆေးကြောသန့်စင် သိမ်းဆည်းသည်။ အဝတ်အထည်များကို လျှော်ဖွပ်စေရသည်။ ပစ္စည်းအားလုံးကို ပြန်လည်ပေါင်းတင်ဖို့ စီစဉ်ရ၊ ခွဲစိတ်ခန်းတစ်ခုလုံးကို ဆေးကြောစေရ၊ လုပ်နေကျအလုပ်များကို လုပ်နေရသည်ပင် မထင်မိ၊ စကားတပြောပြော စီစဉ်ကာ ကိုယ်နှင့် အလုပ်သမားလေးတွေနှင့် အဆင်ပြေ၊ အပေးအယူတွေမျှကြလို့။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Où les histoires vivent. Découvrez maintenant