နွေညလယ်တွင် နွဲ့ အိပ်မရနိုင်ဘဲ ရှိခဲ့သည်။ လပြည့်ညမို့ ငွေလကတော့ သာနိုင်လွန်းလှပေ၏။ လရောင်က မှန်ပြတင်းကို ထွင်းဖောက်ကာ အခန်းတွင်းသို့ ကျရောက်အေးမြနေခဲ့သည်။ စစ်ဆေးမေးမြန်းခြင်း မခံရသေးမီ မနေ့ကညနှင့် စစ်ဆေးခံပြီးသည့် သည်ညမှာ ဘာမှ မထူးခြားပါလား။ အိပ်မရနိုင်ခြင်းကအတူတူပေ။ ကိုသူရ ရန်ကုန်ပြန်မည့် ညကစလို့ နွဲ့ အိပ်ရေးခက်ခဲ့သည်။ ထိုညက ခင်ငြိမ်းချမ်း အိမ်မှာ ကိုသူရနှင့် စကားတွေ ပြောဖြစ်ခဲ့သည်။
နွဲ့ ခံစားရသမျှတွေ မရည်ရွယ်ပဲ ပြောခဲ့၏။ ဝမ်းနည်းကြေကွဲခြင်းလား၊ စိတ်ထိခိုက်လှုပ်ရှားခြင်းလားမသိဘဲ ရင်ထဲမှာ ဆို့နင့်ခဲ့ကာ နွဲ့ ရုတ်တရက်ပင် ပြန်လာခဲ့မိလေ၏။
အိမ်ရောက်တော့ စည်သူ ညီသူက နွဲ့ကို ကန်တော့ဖို့ စောင့်နေခဲ့ကြသည်။ ထိုညမှာတော့ သားတွေက အိမ်မှာ အိပ်ကြသည်။ နွဲ့ သူတို့ အိပ်ပြီးသည်အထိ အိပ်မပျော်နိုင်ခဲ့။ အတွေးထဲမှာ နစ်မျောကြာရှည်နေမိခဲ့သည်။
နံနက်စောစောတွင် ကိုသူရ အိမ်ဘက်သို့ ကူးလာခဲ့ကာ သားတို့ကို ကြိုလေ၏။ စည်သူ၊ ညီသူရဲ့ခြားနားသော စရိုက်လေးတွေကို နွဲ့ ပြောပြမှာကြားဆဲ ကိုသူရက ...
“နွဲ့ရယ်၊ သူစိမ်းတွေ မဟုတ်ပါဘူး။ သားအဖချင်းတွေပါ။ အစိုးရိမ်မလွန်ပါနဲ့။ ကိုယ်လည်း နွဲ့ကို မှာစရာရှိတယ်”
နွဲ့ကို ဧည့်ခန်းမှာ ထိုင်စေခဲ့လေ၏။ မေမေနှင့် သားတို့က မီးဖိုထဲမှာ နံနက်စောစာစားနေကြသည်။
“နွဲ့၊ ကိုယ်ကို ကတိတစ်ခုပေးစမ်းပါ။ နောက်ကို သားတွေ ကိစ္စပဲဖြစ်ဖြစ်၊ နွဲ့ကိစ္စပဲဖြစ်ဖြစ် ကိုယ့်ကို အသေးအဖွဲလို့လည်း အကြောင်းမကြားဘဲ မနေပါနဲ့”
ကိုသူရ၏ ပူပန်သောကကို နွဲ့ နားလည်နိုင်ခဲ့သည်။ သူ နွဲ့သတင်းကို ပြောပြပြီး ပြန်သွားနိုင်ခဲ့ပေမယ် စည်သူ၊ ညီသူ့ပြဿနာကို သိရတော့ နွဲ့တို့သားအမိနှင့် နီးကပ်စွာ နေခဲ့ခြင်းဖြင့် သူ့အားပေးနှစ်သိမ့်မှုကို ပြခဲ့လေ၏။
“သားတွေအတွက် နွဲ့ ကတိပေးပါတယ်။ နွဲ့ကိစ္စကိုတော့ နွဲ့ဘာသာပဲ ဖြေရှင်းပါရစေ။ မေသန္တာရဲ့ ခင်ပွန်းတစ်ယောက်ဆီက အကူအညီကို နွဲ့ အမြဲမျှော်လင့် လက်ခံနေလို့တော့ မဖြစ်သေးဘူးထင်တယ် ကိုသူရ”
YOU ARE READING
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Romance" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...