ချမ်း သတိရလာခဲ့သည်။ ခံစားခဲ့ရသော ဝေဒနာအားလုံးမှ သက်သာကာ ပေါ့ပါးလှသည်။ ခေါင်းထဲမှာ ကြည်လင်နေခဲ့သည်။ မျက်လုံးများ ဖွင့်လိုက်သောအခါ မမနွဲ့ကို တွေ့ရသည်။ သူ့ခုတင် ခေါင်းရင်းဘေးက ထိုင်ခုံလေးတွင် ထိုင်နေခဲ့သည်။ သူ့ကို အသာအယာ ပြုံးပြခဲ့သည်။
“ချမ်း သတိရလာပြီလား။ နေသာရဲ့လား”
မမနွဲ့ကို ကြည်ကြည်လင်လင် မြင်ရရုံမက မမနွဲ့၏ အသံကိုလည်း တိုးညင်းနူးညံ့ကြည်လင်စွာ ကြားရလေသည်။
“ဟုတ်ကဲ့ ”
“အားလုံး ပြီးသွားပြီ။ အားလုံးလည်း ကောင်းသွားပါပြီကွာ”
“ဟုတ်ကဲ့ ”
ဖြေနေရင်း ချမ်းရဲ့ မျက်လုံးတွေ မှေးစင်းလာခဲ့ပြန်သည်။
“တစ်ရေးပြန်အိပ်လိုက်ပါဦး ချမ်း။ မင်း အိပ်ချင်နေဦးမှာ”
“သိပ်အိပ်လို့ ကောင်းတာပါပဲ မမနွဲ့”
ချမ်း စကားပြီးဆုံးအောင် မပြောလိုက်နိုင်ဘဲ ပြန်လည်အိပ်မောကျ သွားခဲ့လေသည်။ ထိုအချိန်မှာ ခွဲစိတ်ပြီးသည့် နံနက် ၂-နာရီ ၄၅-မိနစ်ဟု နောင်တွင်မှ ချမ်း သူ့ရဲ့ လူနာမှတ်တမ်း စာရွက်လေးပေါ်မှာ ဖတ်လိုက်ရလေ၏။
ခွဲစိတ်ပြီးသော ပထမရက်၊ နံနက် ၆-နာရီ။ ချမ်းကို နွဲ့လာကြည့်ခဲ့စဉ် ဆရာဦးမြင့်ဟန်၊ ဦးယဉ်မျိုးနှင့် ဒေါ်မူယာတို့ပါ ရောက်လာခဲ့ကြသည်။ ချမ်းက နိုးနေခဲ့ပြီး အိပ်စောင့်သော အလုပ်သမား မစိမ်းညို အကူအညီနှင့် မျက်နှာသစ်ထားခဲ့ပြီးပြီ။ သူ့မျက်နှာမှာ နွမ်းနယ်ဖျော့တော့ဆဲ။
နှုတ်ခမ်းများက ဖြူဖပ်ဖြူရော်။ သို့သော် မျက်လုံးများက တောက်ပကြည်လင်စွာဖြင့် နွဲ့တို့ကို ကြိုလေသည်။ ချမ်း အဖျားသွေး ရှိနေခဲ့သည်။ တစ်ရာ့တစ်။ ကျန်သည့် အခြားအခြေအနေများက ကောင်းသည်။ ။
“သွေးသွင်းတာများတော့ Blood Reaction ကြောင့် ဖျားတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ သွေးထဲက Malaria လည်း ပါသွားနိုင်တယ်”
ဆရာဦးမြင့်ဟန်က မှတ်ချက်ပေးလေ၏။
“မလေးရီးယားကတော့ ကျွန်တော်မှာလည်း အခံရှိပါတယ်။ ချင်းတောင်ငှက်လေ။ ဒါပေမယ် အခုထိ ငှက်ထသလိုတော့ မခံစားရသေးဘူး။ ကျွန်တော်တော့ နေကောင်းနေတာပါပဲ” ဟု ပြောပြသော သူ့မျက်နှာမှာ အဖျားသွေးကြောင့် ပါးပြင်များနှင့် နဖူးပြင် နီပြေနေခဲ့သည်။ နှုတ်ခမ်းများ ပိုပြီးဖြူရော်နေသလို ထင်ရသည်။
BẠN ĐANG ĐỌC
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Lãng mạn" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...