အခန်း(၄)

1.7K 99 0
                                    

မြေလတ်သည် နွမ်းနယ်နေသော ယဉ်နွဲ့ခိုင်၏ နှလုံးအိမ်ကို စာနာယုယစွာ ထွေးပွေ့ယူခဲ့သည်။ ဘူတာသို့ ရထားဆိုက်သည်နှင့် လူနေအိမ်ခြေ စည်ကားလှသော မြို့လေးကို ကြည့်ရင်း ရုတ်ခြည်းလို နွဲ့ရင်မှာ ထူးခြားသည့် စိတ်ခံစားမှုလေး တက်လာခဲ့သည်။

ဘူတာရုံ အုတ်တိုက်နီနီကြီး၊ ဘူတာရုံအနောက်ဘက်ရှိ ကန်တော်မင်္ဂလာပန်းခြံတွင်းက လွတ်လပ်ရေးကျောက်တိုင်၊ စိမ်းလမ်းစိုပြည် ပန်းတွေ ဝေဝေဆာဆာရှိသော ရေကန်၊ ဥယျာဉ်နှင့် ပေါင်းကူးတံတား ဖြူဖြူလေး။ ထိုရှုခင်းလေးနှင့် ရင်းနှီးနေခဲ့သည်။ တစ်ကြိမ်မျှမရောက်ခဲ့ဖူးပါပဲ ကျွမ်းဝင်နှင့်သလိုရှိနေသော မြို့လေးကိုကြည့်ရင်း နွဲ့စိတ်ဇဝေဇဝါ ဖြစ်မိသည်။ အနည်းဆုံး သည်မြို့လေးကို နွဲ့ အိပ်မက်ဖူးခဲ့သလား။ တွေးလိုက်မိပြီးမှ သူမ ရုတ်ခြည်းလို သတိဝင်သည်။

DEJAVU မည်သော စိတ်ခံစားမှု သက်သက်ပါပဲလား။ တစ်နေရာရာ အဖြစ်တစ်ခုခုကို အရင်ကမရောက်ဖူး၊ မကြုံဖူးဘဲလျက် ရောက်ဖူး၊ ကြုံဖူးသလို စိတ်ခံစားမှုလေးမျိုး လူတိုင်းမှာပင် တစ်ခါတစ်ရံ ဖြစ်ပေါ်လာနိုင်လေသည်။ ဆေးပညာမှာတော့ Dejavu Phenomenon ဟု ခေါ်သည်။

ယဉ်နွဲ့ခိုင်နှင့် ရင်းနှီးကျွမ်းဝင်နှင့်သလို ဆီးကြိုနှုတ်ဆက်လေသော မြေလတ်မြို့လေးကို မြင်တွေ့စပင် နွဲ့ နှစ်သက်သဘောကျမိခဲ့ရလေသည်။

မြေလတ်ဆေးရုံကို မြင်ရတော့ နွဲ့ ပိုလို့နှစ်ခြိုက်မိခဲ့သည်။ ဆေးရုံလေးက စည်ကားသောမြို့လယ်နှင့် အလှမ်းဝေးရာ မြို့စွန်ကျကျမှာ ရှိသည်။ အင်္ဂလိပ်အက္ခရာ E ပုံစံ တစ်ထပ်အဆောက်အအုံကလေးဖြစ်သည်။ ပြုပြင်ထိန်းသိမ်းမှုဖြင့် ဆေးရောင်သစ်လွင်စွာရှိသည့် အုပ်ချုပ်သူဆရာဝန်ကြီးရဲ့ စည်းရုံးနိုင်မှု အရှိန်အဝါကို ခန့်မှန်းနိုင်လေသည်။ အဆောက်အအုံများက ငယ်သော်လည်း သပ်ရပ်သစ်လွင်သည်။ အမိုးပါသော စကြံများဖြင့် အဆောက်အအုံ တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသည်။ ဆေးရုံပိုင် အဝီစိတွင်း၊ ရေစက်နှင့် မီးစက်ကလေး ရှိသည်။

သူမနှင့် လုံးဝသက်ဆိုင်သော ခွဲစိတ်ကုသဆောင်နှင့် ခွဲစိတ်ခန်းတို့က အသစ်လွင်ဆုံး၊ အသပ်ရပ်ဆုံးရှိနေခဲ့ကြခြင်းပင်။ ထိုခွဲစိတ်ကုသမှုဆိုင်ရာ အဆောက်အအုံများတွင် မြို့နယ်ဆရာဝန်ကြီး မိဘများရဲ့စေတနာဟု ကမ္ပည်းထိုးထားခဲ့လေသည်။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Where stories live. Discover now