ဆရာကြီးဦးမြင့်ဟန်က ခေါ်တွေ့ကာ ...
“ဆရာဦးယဉ်မျိုးရေ၊ ဒေါ်ယဥ်နွဲ့ခိုင်ကလည်း လုပ်သက်ခွင့်တွေ စုပြီးယူဖို့ရှိတယ်။ သူ မရှိရင် ဆေးရုံမှာ လိုတာမရှိအောင် ခင်ဗျား Surgical Ward သွားထားလိုက်ပါဦးဗျာ။ ခင်ဗျားက အင်မာဂျင်စီတော့ နိုင်ပြီးသားပါ။ ဒါပေမယ့် တခြားလိုတာလေးတွေ ရှိရင်ပေါ့ဗျာ”ဟုဆိုခဲ့၍ ဦးယဉ်မျိုး လတစ်ဝက်ကြီးမှာ surgicalWard သို့ ရောက်ခဲ့ရသည်။
“ဟာ၊ ကျွန်တော် ဆရာ့ဝါ့(ဒ်)မှာပဲ နေပါရစေ။ ဆာဂျရီထရိန်နင် ကောင်းကောင်းရထားတဲ့ ခင်ငြိမ်ချမ်း ရှိတာပဲ။ ဆာဂျင်မရှိလည်း ခင်ငြိမ်းချမ်းလုပ်နိုင်တာပဲ”ဟု ငြင်းမိခဲ့သေး၏။
ဦးမြင့်ဟန်က ဖျောင်းဖျသည်။ သူက ငြင်းသည်။ နောက်ဆုံးမှာ ဦးမြင့်ဟန်က စိတ်ရှုပ်လာဟန်ဖြင့် -
“ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ ကျွန်တော်ပြောတဲ့အတိုင်းသာ လုပ်ပေးစမ်းပါဗျာ” ဟု ဆိုလိုက်တော့၍ ဦးယဉ်မျိုး မကျေမလည်နှင့်ပင် ခွဲစိတ်ကုသဆောင်သို့ ရောက်ခဲ့သည်။ နောက်တစ်ရက်မှာ ဒေါ်မူယာက ပြုံးတုံ့မူရာဖြင့် ..
“မူယာကို ဆရာကြီးက အရင်ချဉ်းကပ်လာတာ ဆရာရဲ့။ သူ ခွင့်သွားမှာမို့ဆိုလားပဲ။ မူယာဖြင့် OPD ရောက်လို့ သက်သာမယ်မှ မကြံသေးဘူး။ မူယာတော့ ဆာဂျစ်ကယ်ဘက်ကို လုံးဝမသွားနိုင်သေးဘူးနော်လို့ ငြင်းလိုက်လို့ ဆရာ့ဘက် လှည့်သွားတာ။ အဟင်းဟင်း”
ဒေါ်ယဥ်နွဲ့ခိုင်လည်း သူ့အပေါ် အရင်သဘောထားအတိုင်းရှိပြီး မလိုလားလှတာ ဦးယဉ်မျိုး သိရလေ၏။
ဆရာဦးမြင့်ဟန်က ကိုညီကိုတော့ အားကိုးပုံရ၏။ ကိုညီက ဆရာဦးမြင့်ဟန်၏ ရုံးအလုပ်တွေပါ ကူနေတာ တွေ့ရသည်။ ကိုညီလိုလူစားကတော့ ဘယ်နေရာရောက်ရောက် အားလပ်မည့်သူ မဟုတ်။ အလုပ်ရှာ လုပ်နေမည့် လူစား။ သည်အတွက် ဦးမြင့်ဟန်က သူခွင့်ယူခါနီး ကိုညီကို သူ့ဝါ(ဒ်)မှာ ထားချင်သည်လား မပြောတတ်။ သို့သော် ဦးယဉ်မျိုး ဆေးကုသဆောင်မှာရှိစဉ် ကိုညီ ရောက်လာတတ်ကာ ဦးယဉ်မျိုးနှင့် စကားဝိုင်းလာဖွဲ့ တတ်သည်။ ဦးယဉ်မျိုးက ဒေါ်ယဥ်နွဲ့ခိုင်ရဲ့ ဝါ့(ဒ်)ထဲသို့ လာဖို့ ခဲယဉ်းသည်ကို ကိုညီ သိသည်လေ။ အခုတော့ ကိုညီက သူ့အရင်ဝါ့(ဒ်)ဖြစ်သော ခွဲစိတ်ကုသဆောင်သို့ ခြေဦးလုံးဝပင် လှည့်မလာခဲ့။ ကိုညီ့ကို မသင်္ကာစွာ မေးမြန်းလိုပေမယ့် ဟိုတစ်ကြိမ် ဟင်ဒီကက်(ပ်)ကိစ္စမျိုးမဖြစ်ဖို့ သတိထားရသေးသည်။ နောက် အေးအေးဆေးဆေးမှပဲ၊ ဦးယဉ်မျိုး စိတ်ထဲမှာ တေးမှတ်ထားရတော့လေ၏။
BẠN ĐANG ĐỌC
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Lãng mạn" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...