မီးစက်မောင်းထား၍ သီရေတာက လင်းချင်းနေခဲ့ပြီ။ ကျောက်ပြားဖြူဖြူများခင်းကာ နံရံတစ်ဝက်ကို ကျောက်ပြားဖြူဖြူများ ကပ်ထားသော ခွဲစိတ်ခန်းရဲ့အရောင်က ဖြူလင်းတောက်ပလျက်။ နွဲ့ကိုယ်ထဲ လှည့်လည်နေသော သွေးတို့လည်း တဖြည်းဖြည်းနွေးထွေးလာခဲ့သည်။ ဘယ်လိုစိတ်အခြေအနေပင် ရှိခဲ့စေ မီးရောင်လင်းချင်းနေသော သီရေတာကို လှမ်းမြင်ရရုံ၊ သီရေတာ ပိုးသတ်ဆေးနံ့ မွှေးရနံ့နှင့် ခင်ဦးနွဲ့ လန်းဆန်းတက်ကြွကာ အဆင်သင့် ရှိလာတတ်မြဲပေ။ မမလှက အလုပ်ရှုပ်နေရင်းက လှမ်းကြို၏။
“ဒေါက်တာချမ်း မမကို နားပူနားဆာ လာလုပ်နေတယ် မဟုတ်လား။ ထင်တယ်။ မမကိုတော့ မလိုက်မနေ ခေါ်လာတော့မယ်လို့ ”
“တော်ပါ မမလှရယ်။ သူတို့တွေ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းကိုများ”
လှလှစောနှင့် စတတ်(ဖ်)နာ့(စ်) ဒေါ်မြင့်ကြည်တို့က သူတို့ ဆာဂျင်၊ သီရေတာစတတ်(ဖ်)အတွဲကိုကြည့်ကာ ရယ်မောကြ၏။ လက်တွေကတော့ အလုပ်မပျက်ကြ။ လူနာကို နှာခေါင်းပိုက်ထည့်၊ ဒရစ်(ပ်)သွင်း၊ သန့်ရှင်းရေးလုပ်ပေးနေခဲ့သည်။ လူနာက အိုစာသော အဘိုးအိုတစ်ယောက်ပါလား။ မျက်နှာဖြူဖျော့တော့စွာဖြင့် ဝင်လာသူများကို လှမ်းကြည့်လိုက်ရှာသည်။
“ခင်ငြိမ်းချမ်း၊ ပေးရှင့်က ဖြူလှချည်လား”
လူနာမကြားအောင် ယဉ်နွဲ့ခိုင် တိုးတိုးဆိုဖြစ်သည်။ သွေးဆုံးရှုံးမှုမရှိဘဲ ဘာကြောင့် သည်မျှ သွေးဆုတ်ဖြူရော် နေရသည်လဲ။ သွေးပေါင်ကျ၍လား သွေးဆိပ်တက် septicaemia ကြောင့်လား။“Antibiotic တော့ ပေးထားပြီးသားနော်။ C/Pen တို့၊ Genta တို့၊ Mentro Drip တို့ နိုင်နိုင်အုပ်ထားနိုင်မှဖြစ်မှာနော် ခင်ငြိမ်းချမ်း”
“ပေးထားပြီ မမ။ Condition က အဲဒီလိုကို Toxic ဖြစ်နေတာ”
“အင်း၊ ဟုတ်ပါရဲ့”
နွဲ့ အဘိုးအိုလက်ကို ကိုင်လိုက်သည်။ လက်တွေက အေးစက်တုန်ယင်လို့ ။
“ဘာမှ မကြောက်ပါနဲ့နော် အဘိုး၊ အဘိုးအတွက် ကျွန်မတို့ အကောင်းဆုံးလုပ်ပေးမှာပါ။ နည်းနည်းစမ်းကြည့်ရအောင်နော်”
CZYTASZ
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Romans" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...