နွေလေပြည်သည် မအေးမြ။ လေတိုးဝှေ့သွား၍ ဖုန်မှုန့်တွေ လူးထလာရုံ၊ သစ်ရွက်တွေ ပိုကြွေလာရုံသာ ရှိခဲ့သည်။ မအေးသည့်အပြင် ပူစပ်ရှားရှားဖြစ်ခဲ့ကာ မခံချိမခံသာ နိုင်နေခဲ့သည်။ ရွက်ကြွေတစ်အုပ်မှာ ရပ်တည်ရာမရနိုင်ဘဲ လေဝှေ့တိုင်း လိုက်ပါလွင့်မျောနေကြသည်။ ဆင်နားရွက်တံခါး တွန်းဖွင့်ထွက်လိုက်လျှင် ဆေးရုံစကြံပေါ်တွင်ပါ နားခိုရောက်ရှိနေသော ရွက်ခြောက်ကြွေတချို့ကို တွေ့လိုက်ရလေသည်။
သူ့ဆေးရုံကို အလွန်သန့်ရှင်းစွာ မြင်လိုလှသော မြို့နယ်ဆရာဝန်ကြီးမှာ ဖုန်ထူရွက်ကြွေသော နွေကိုဖြင့် စည်းကမ်းကန့်သတ်ရမည် မဟုတ်တော့ပါပေ။ ဆေးရုံကို တစ်ပတ်လှည့်ပြီးလျှင်ပင် သူ့ဂျူတီကုတ်ဖြူတစ်ထည်လုံး ဖုန်ရောင်ထလာတတ်သည့် နွေ။
ဒေါက်တာ ဦးမြင့်ဟန်သည် ညာဘက်လက်မှ တုတ်ကောက်ကို အားပြုလျက် စကြံတစ်လျှောက် ၊လျှောက်လာခဲ့သည်။ သူ့ရဲ့အရပ် မားမားမြင့်မြင့်၊ ကိုယ်လုံးကိုယ်ထည် ထွားထွားတွင် တုတ်ကောက်သံ တဒေါက်ဒေါက်ပေး၊ ဖြည်းဖြည်းလမ်းလျှောက်လာဟန်သည် ဒီမြို့ဆေးရုံလေးရဲ့ အမှတ်သင်္ကေတ တစ်ခုသဖွယ် ဖြစ်နေခဲ့ပြီ။
သည် “မြေလတ်မြို့"က ဦးမြင့်ဟန် မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြို့လေးဖြစ်သည်။ စဉ်ဆက် ပြည့်စုံကြွယ်ဝခဲ့သော ဦးမြင့်ဟန်၏ မျိုးရိုးက မြေလတ်မြို့၏ အစဉ်အလာရှိသော မြို့မိမြို့ဖထဲတွင် ပါဝင်ခဲ့သည်။
သူ့ကျတော့ တစ်ဘာသာ စက်ပိုင်၊ လယ်ပိုင်၊ ကုန်သည်ပွဲစားကြားမှ ဆရာဝန်တစ်ဦး ဖြစ်လာခဲ့သည်။ သူဝါသနာကြီးသော ခွဲစိတ်ကုပညာဘက်တွင် ပို၍လိုက်စားထူးချွန်လာခဲ့သည်။ ခွဲစိတ်ကုပါရဂူဘွဲ့ရတစ်ဦး ဖြစ်လာဖို့ ကြိုးစားလေ့လာမှု အားကောင်းလှ၍ သူ့ ရှေ့အလားအလာမှာလည်း ကောင်းမွန်ခဲ့သည်။
သူထိခိုက်ဒဏ်ရာမရခင်အထိ ဆိုပါတော့လေ။လွန်ခဲ့သော ၁၂-နှစ်ကျော်ကာလက ရှမ်းကုန်းပြင်မြင့် တစ်နေရာတွင် သူလိုက်ပါခဲ့သောကား တိမ်းမှောက်သည့် ထိခိုက်မှုတစ်ခုနှင့် ကြုံခဲ့ရသည်။ ကားပေါ် အတူပါသည့် ကွင်းဆင်းဆေးကုသအဖွဲ့ကဝန်ထမ်းများခမျာ ဒဏ်ရာကိုယ်စီရကြ။ မနှင်းအေး မည်သော နာ့(စ်)လေးတစ်ဦးသည် ပြင်းထန်လှသော ဒဏ်ရာနှင့်ပင် လမ်းတစ်နေရာမှာ ဆုံးပါးခဲ့ရ။ မြင့်ဟန်က အထိခိုက်ဆုံးသူ ဖြစ်ခဲ့သည်လေ။
VOUS LISEZ
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Roman d'amour" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...