အခန်း(၂၄)

1K 77 0
                                    

ယဉ်နွဲ့ခိုင် အိမ်မပြန်တော့။ အိမ်ပြန်ရင် နေပူကျဲကျဲကို ဖြတ်ရမည်။ သည်နေ့မှာ လွင်တီးခေါင်၊ ကန္တာရကို ဖြတ်ရသည့်အလား ပင်ပန်းမိလိမ့်မည်။ ဆေးရုံက သူမအခန်းထဲမှာပင် နားဖြစ်၏။ တိုးတိုးလာပို့သော ထမင်းချိုင့်ကိုပဲ အနည်းအကျဉ်းစားဖြစ်သည်။ စစ်ဆေးသည့်အဖွဲ့ ခေတ္တနားနေတာ သိခဲ့သည်။ စစ်ဆေးမှုကို မြန်မြန်ပြီးစေချင်သည်။ ဆေးကျောင်းသားသက်တမ်းတစ်လျှောက် နှုတ်ဖြေစာမေးပွဲဖြေခဲ့ရစဉ်လိုပင် နွဲ့ စိတ်လှုပ်ရှားနေမိခဲ့သည်။ ကျောင်းစာမေးပွဲပြီးတော့ ဘဝထဲက စာမေးပွဲတွေပေါ့လေ။ ထိုင်ခုံနောက်မှီတွင် မှီလျက် မျက်လုံးများမှိတ်ထား၊ ကိုယ်လျှော့ဖြေနေမိလေ၏။

နွဲ့ အတွေးအမြင်ထဲမှာ မြေလတ်ဆေးရုံ၊ ခွဲစိတ်ကုသလူနာဆောင်၊ ခွဲစိတ်ခန်း၊ နေ့စဉ်နေ့တိုင်း ရက်တွေများစွာ နွဲ့ လှုပ်ရှားသွားလာခဲ့သည့်နေရာများ နွဲ့အတွေးထဲမှာ လျှောက်သွားကြည့်နေမိသည်။ တစ်ခါတုန်းကတော့ ခွဲစိတ်ဆရာဝန်ကြီး ဦးဟန်တင်၏ လှုပ်ရှားသွားလာနေရိပ် ရှိခဲ့လိမ့်မည်။ အခုတော့ ယဉ်နွဲ့ခိုင်။ နောက်ကျရင်ကော ...

“မမနွဲ့”

နွဲ့ ဖြတ်ကနဲ မျက်လုံးဖွင့်ကာ ကိုယ်ကို မတ်ထိုင်လိုက်မိလေ၏။ ချမ်းကို တွေ့ရသည်။ သူလည်း စိတ်စောမောနေသည့် အသွင်။ တစ်မနက်လုံး ဆရာဦးယဉ်မျိုးနှင့်အတူ ခွဲစိတ်ကုသဆောင်ထဲမှာ ရှိနေခဲ့သည်။ နွဲ့က မျက်ခုံးများမြှင့်၍ မေးမိလျှင် ..

“စစ်ဆေးရေး ပြန်စတော့မယ်တဲ့ မမနွဲ့။ ဒေါ်မူယာက ကလင်းနစ်က ပြန်မရောက်သေးလို့ မမနွဲ့ကို အရင်ခေါ်ခိုင်းလိုက်ပါတယ်”ဟု ပြောကာ အားပေးနှစ်သိမ့်စွာ ပြုံးခဲ့လေ၏ ။ နွဲ့ မချိပြုံးဖြင့် တုံ့ပြန်ရင်း အင်္ကျီ၊ လုံချည်ကို အတန်သပ်ရပ်သည်။ ချမ်းက သူမလှုပ်ရှားမှုများကို မျက်နှာလွှဲထားပေမယ့် အခန်းဝမှာ စောင့်မြဲစောင့်နေခဲ့သည်။

သူမ ထွက်လာသောအခါ ခန်းဆီးကို သိမ်းဖယ်ပေးခဲ့သည်။ နွဲ့က ခေါင်းငုံ့၍ ထွက်လိုက်ရင်း ..

“မြန်မြန်ပြီးတော့လည်း ကောင်းတာပါပဲ”

“ကျွန်တော်လည်း ပြီးစေချင်လှပြီ။ ဒီကိစ္စတွေ အားလုံးပြီးစေချင်လှပြီ။ ဒီကိစ္စတွေ အားလုံးပြီးသွားရင်တော့လေ ကျွန်တော် ...”

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Donde viven las historias. Descúbrelo ahora