အခန်း(၁၉)

999 72 2
                                    

ဒေါက်တာအောင်သူရမှာ အလုပ်ကိစ္စဖြင့် မော်လမြိုင်မှ ရန်ကုန်ရုံးချုပ်သို့ လာခဲ့ခြင်းဖြစ်သည်။ ရုံးချုပ်တွင် သူငယ်ချင်း ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝေနှင့် တွေ့ခဲ့သည်။ သူ့ထံမှ သည်သတင်းကို ကြားသိခဲ့ရခြင်းပင်။ အမှုထမ်းဆရာဝန်တိုင်း စိတ်ထဲမှာ တိတ်တဆိတ်စိုးရွံ့နေခဲ့သော အဖြစ်တစ်ခုနှင့် ယဉ်နွဲ့ခိုင် ရင်ဆိုင်ရတော့မည်ဆိုတာ သိခဲ့ရလေ၏။ သူ ယဉ်နွဲ့ခိုင်ကို အသိပေးချင်ခဲ့သည်။ ရုံးစာ အသွားအလာတွေနှင့် ယဉ်နွဲ့ခိုင် အနီးကပ်ပြီးမှ သိရှိခဲ့လျှင် သူမ ပိုခံစားရနိုင်သည်။ တယ်လီဖုန်းထဲမှာ ပြောမကောင်းသဖြင့် ရန်ကုန်မှ ကိုယ်တိုင်လာခဲ့ခြင်းဖြစ်လေ၏ ။ နွဲ့နှင့်လည်း သူတွေ့ချင်သည်လေ။

နွဲ့ကို နောက်ဆုံးတွေ့ခဲ့တော့ နွဲ့ အမ်အက်(စ်)စီ တက်နေစဉ်ဖြစ်သည်။ ဘွဲ့လွန်တက်ကာ စာပြန်ဖတ်နေရချိန် ဆေးရုံကြီးများမှာ ဂျူတီဆင်းနေရချိန်တွင် ဘွဲ့လွန်ဆရာဝန်တိုင်းလိုလို ဆေးခန်းဝင်ငွေမရှိ။ အခြေခံမပြည့်စုံခဲ့လျှင် ဘွဲ့လွန်နှစ်နှစ်မှာ ရုန်းကန် ရသောအချိန်များသာ ဖြစ်ခဲ့၏။ သူက မန္တလေးဆေးရုံကြီးတွင် ဆေးကုသဘွဲ့လွန် ဆက်တက်နေခဲ့၏။ သူ့အတွက်မူ ငွေရေးကြေးရေးက အခက်အခဲမဟုတ်။ မေသန္တာတို့က ပြည့်စုံကြွယ်ဝသည်။ မေသန္တာကိုယ်တိုင်ပင် ဆေးခန်းမထိုင်ဘဲ နေခဲ့လေသည်။

သူမကို နောက်ဆုံးတွေ့ရစဉ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အောက်ဆုံးထပ် စင်္ကြံမှောင်မှောင်မှာ ဖြစ်လေ၏။ ယဉ်နွဲ့ခိုင် ဆာဂျရီစာအုပ်အထူတစ်အုပ်ကို ပိုက်လျက် စိုက်စိုက်စိုက်စိုက်ဖြင့် လာခဲ့၏။ သူမမှာ မယုံနိုင်လောက်အောင် ပိန်သွားခဲ့သည်။ သူမဝတ်ထားသော ပါတိတ်ဝတ်စုံလေးမှာ သူမဝတ်တာ မြင်ဖူးခဲ့လှပြီဖြစ်သော အရောင်အဆင်း ရေးရေးမှိန်မှိန်သာရှိတော့သည့် နက်ပြာရောင်ခံ ပါတိတ်ဆင်လေးဖြစ်လေ၏။

ရန်ကုန်ဆေးရုံကြီးသို့ မေသန္တာ့အဒေါ်တစ်ဦးရဲ့ လည်ပင်းအကျိတ်ရောဂါကို လာပြပေးရင်း ရောက်လာခဲ့သော အောင်သူရမှာ မျက်နှာချင်းဆိုင်မှ လျှောက်လာသော ယဉ်နွဲ့ခိုင်နှင့် တည့်တည့်တိုးမိနေခဲ့သည်။ ဘာကြောင့်မှန်းမသိ သူ့ကို နွဲ့ တွေ့မြင်မှာ စိုးရိမ်မိကာ စင်္ကြံရိပ်ကကပ်လို့ သူလျှောက်မိလေ၏။ သူ့စိုးရွံ့မှုမှာ မလိုအပ်ခဲ့ပေ။ နွဲ့က ဘယ်သူ့ကိုမှမကြည့်ဘဲ၊ မြင်ဟန်လည်းမတူဘဲ ဆက်လျှောက်သွားခဲ့လေ၏။ အောင်သူရမှာသာ နေရာမှာ ရပ်လျက် သူမနောက်ပိုင်းကို လှည့်ကြည့်ကျန်ရစ်မိလေသည်။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Where stories live. Discover now