အခန်း(၁၃)

1K 76 1
                                    

အပြင်လူနာဌာနမှာ ဆေးရုံဝင်ဝင်ချင်း လက်ဝဲဘက်အဆောင်တွင် ရှိသည်။ အဆောင်၏ အရှေ့ဘက်အခြမ်းမှာ ဦးမြင့်ဟန်၏ ရုံးခန်းဖြစ်ကာ အနောက်ဘက်အခြမ်းက အပြင်လူနာဌာန OPD ဖြစ်လေ၏။ ဆရာဦးယဉ်မျိုး ပြန်ရောက်ပြီးတော့ မူယာ OPD သို့ တောင်းယူခဲ့သည်။ ဝါ့(ဒ်)ထဲမှာက လူနာတွေနှင့် အစဉ်ရှုပ်ထွေး နေတတ်သည်။ OPD မှာတော့ တာဝန်မကြီး။ ဂျူတီချိန်သာ တာဝန်ရှိသည်။ အိမ်ပြန်ခဲ့လျှင်လည်း လူနာကိစ္စက လိုက်မလာတတ်။ အပြင်လူနာအဖြစ် ကုသကြည့်၍ မသက်သာလျှင် သို့မဟုတ် ရောဂါကြီးလူနာဖြစ်လျှင် ဆေးရုံတက်စေလိုက်ရုံပေ။ ဝါ့(ဒ်)ထဲမှာ ဆိုရင်တော့ လူနာတွေရဲ့ မဆုံးနိုင်သော ဝေဒနာတွေ ကြည့်ပေးရရင်း ဆေးခန်းရောက် အမြဲနောက်ကျသည်။ လူနာက စောင့်နေလျှင် တော်သေးသည်။ မစောင့်ဘဲ တစ်နေ့ကုန်ဖွင့် ပြင်ပဆရာဝန်တွေရဲ့ ဆေးခန်းကူးပြလိုက်လျှင် ပြီးပြီ။ OPD မှာတော့ ၄-နာရီ ဒေါင်ကနဲထိုးသည်နှင့် OPD ပိတ်ပြီဆိုကာ ဆေးခန်းပြေးလို့ရသည်။ တစ်ခါတစ်ရံ ၃-နာရီခွဲလောက်ကစပြီး မူယာ အိမ်ပြန်သည်။

“‌ဒေါက်တာချမ်း၊ OPD ခဏလေး ကြည့်ပေးနော်။ မူယာ ကိစ္စလေးရှိလို့ " ဆိုရင် ပြီးလေသည်။ ဒေါက်တာချမ်းက A.S အချင်းချင်း မူယာ အကူအညီတောင်းတိုင်း အလွယ်တကူ လိုက်လျောပါရဲ့။ ကိုယ်ခန္ဓာရော စိတ်ဓာတ်ကြံ့ခိုင်ရည်မွန်ပုံရပါလျက် ဒေါ်ယဥ်နွဲ့ခိုင်ထံမှာ ရိုကျိုးတပည့်ခံချင်တာတော့ မူယာ အကြည့်ရခက်လှသည်။ ဒေါက်တာချမ်းတင်မက ဒေါ်လှလှတင်ကလည်း ဒေါ်ယဥ်နွဲ့ခိုင်ကို အရိပ်တကြည့်ကြည့် စိတ်လိုလက်ရ ပိုလွန်းလှသည်။ မူယာ ဟောက်(စ်)ဆာဂျင်ဘဝက ဒေါ်ယဥ်နွဲ့ခိုင်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆုံခဲ့ဖူးသည်။ သူမမှာ ဆရာဝန်မတစ်ယောက်ရယ်လို့လည်း သားသားနားနားမရှိ။ ခပ်နွမ်းနွမ်းပါပဲ။ အခုလို မပြည့်ဘဲ ပိန်ပါးလှပ်သည့် ကိုယ်ခန္ဓာဖြင့်။ သူမ ဘွဲ့လွန်တက်နေချိန်ဖြစ်၏။ ဘွဲ့လွန်ယူမယ့်ယူတော့ ခွဲစိတ်ကုဘွဲ့လွန် ဖြစ်သည်။ သူမရဲ့ အပေါင်းအသင်းများက Surgery ကို လိုက်စားများသော အမျိုးသားဆရာဝန်များသာပဲ ဖြစ်လေ၏။ ထိုအချိန်မှာ ဒေါ်ယဥ်နွဲ့ခိုင်နှင့် ဆရာတို့ ကွာရှင်းပြီးစ ထင်၏ ။ အမျိုးသားအုပ်စုထဲမှာ သူမသာ တစ်ဦးတည်းပါလျက် ဆေးရုံစင်္ကြံတွေမှာ လျှောက်သွားကြလျှင် ဝါ့(ဒ်)ထဲမှာ တီးတိုးစကားတွေ ကျန်ရစ်တတ်လေသည်။ ဆေးရုံကန်တင်းမှာ စာအုပ်တွေဖွင့်၊ ငြင်းခုံကြလျက် ကြာမြင့်စွာထိုင်လို့ တွေ့ရတတ်သည်။ ထိုအချိန်မှာတော့ သူမက မျက်လုံးများ စူးရှတောက်ပစွာ ပြုံးရယ်နေတတ်လေ၏ ။ ကျန်အချိန်များမှာ ခပ်မှန်မှန် တွေဝေစွာ။

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Donde viven las historias. Descúbrelo ahora