ဆရာဦးယဉ်မျိုးက ထိုနေ့လယ်တွင် နွဲ့အခန်းသို့ ချမ်းနှင့်အတူ ဝင်လာခဲ့လေ၏။ ပြောင်းရွှေ့ခွဲခွာရဖို့နီးလာတော့ လုပ်ဖော်ကိုင်ဖက်တွေကို လွမ်းဆွတ်စိတ်ဖြင့် အသိစိတ်ထဲမှာ မှတ်မိနေအောင် ကြည့်ဖြစ်လာခဲ့သည်။ ခွဲခွာရပြီဆိုလျှင် တစ်ခါတစ်ရံ တစ်ဦးသတင်းတစ်ဦး သဲ့သဲ့ကြားရုံကလွဲလို့ တစ်ဆေးရုံတည်း ဒီလိုပြန်ဆုံစည်းဖို့ဆိုတာ မဖြစ်နိုင်တော့။
ဆရာယစ်နှင့်ပတ်သက်လို့ နွဲ့မှာ အမှတ်ရစရာတွေ များစွာရှိသည်။ သူ့မျက်နှာက မနုနယ်။ ယောက်ျားပီသပေမယ့် ရုပ်ရည်ခပ်ကြမ်းကြမ်းရှိလေသည်။ သူ ရယ်မောလိုက်သောအခါမူ ခပ်လှမ်းလှမ်းက ကြားရသူပင်။ သူ ရယ်မောစရာ ဘာအကြောင်းပြောနေမှန်းမသိဘဲ တစ်ကိုယ်တည်းပြုံးမိအောင် သဘောကျဖို့ကောင်းသည့် အသံဝါဝါရှိလေ၏။ သူက ဘွဲ့လွန်ကို စိတ်မဝင်စား။ ပြောရလျှင် အထင်ကြီးပုံလည်းမရ။ရောဂါပြဿနာအားလုံးကို ခြုံငုံကိုင်တွယ်နိုင်သော အထွေထွေရောဂါကုဆရာဝန်အဖြစ်ကိုပဲ ကျေနပ်နှစ်သိမ့်နေသူ ဖြစ်ပေ၏ ။
သူ့ရဲ့ ထင်ရှားသောအရည်အချင်းအဖြစ် မိန်းမဆန့်ကျင်ရေးလှုပ်ရှားမှုများကို နွဲ့ မြင်မိလေ၏။ သူ့ရဲ့ အစအနောက်သန်မှုတွေ၊ မိန်းမဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ အသံဝါဝါကြီးဖြင့် ရယ်မောတတ်မှုတွေအောက်မှာ စိတ်ရင်းကောင်း ရိုးသားလျက် ဆရာဝန်ကောင်းစိတ်ဓာတ်ပြည့်ဝခြင်းကို နွဲ့ လှစ်ကနဲ လှစ်ကနဲ တွေ့မြင်ခဲ့ရလေသည်။ သူကလည်း နွဲ့ကို ဆရာဦးမြင့်ဟန်လို၊ ချမ်းလို မြင်နိုင်လာခဲ့သည်ထင်၏ ။ နွဲ့ရှေ့မှာ မိန်းမဆန့်ကျင်ရေးတွေ သိပ်မပြောခဲ့တော့။ နွဲ့ကို မိန်းမတစ်ယောက်လို သူ မမြင်တော့တာလား မသိ။ တစ်ခါတော့ သီရေတာ နားနေခန်းထဲမှာ နားနေခိုက် ဦးယဉ်မျိုးက နွဲ့သို့ မေးဖူးသည်။
“ဒေါ်ယဥ်နွဲ့ခိုင်က မိန်းမဘဝကို အတော်တန်ဖိုးထားပုံရတယ်။ ခင်ဗျား နောင်ဘ၀လည်း မိန်းမဘဝဆုတောင်းများ တောင်းလေရော့သလား"
နွဲ့ သူ့ကို စူးစူးစမ်းစမ်း ကြည့်မိသေးသည်။ သူ အတည်သိလို၍ မေးပုံရသည်။ နွဲ့ကို ရန်စလိုခြင်းတော့ ဟုတ်ဟန်မတူ။ သူ့ကို နွဲ့ရင်ထဲမှာ ရှိသည့်အတိုင်း ဖြစ်သည်။
YOU ARE READING
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Romance" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...