ဒေါက်တာအောင်သူရ ပြန်မည့်ညတွင် ဒေါ်မူယာပါ နှုတ်ဆက်ရင်း ကူးလာခဲ့လေ၏။ မကြာမီ ဒေါက်တာဦးမြင့်ဟန်ပါ ရောက်လာခဲ့သည်။ ချမ်းအိမ်မှာ မြေလတ်ဆေးရုံမှ ဆရာဝန်များ ဆုံမိကြလေ၏။ အလုပ်သမား မစိမ်းညိုပါ ခေါ်ကာ နွဲ့အိမ်က တိုးတိုးနှင့် နွဲ့က ဆရာများအားလုံးအတွက် အချိုဝိုင်း၊ အကြမ်းဝိုင်း ပြင်ဆင်ပေးခဲ့လေ၏ ။ မူယာကပါ စိတ်ပါလျက် ..
"မစိမ်းညို အိမ်မှာ ပေးရှင့်ကန်တော့ထားတဲ့ မုန့်ပုံးရှိတယ် သွားယူလိုက်ပါလား။ အန်တီ့ဆီမှာတောင်းခဲ့နော်"
ဦးယဉ်မျိုးက မစိမ်းညိုကို လှမ်းလို့ ...၊
" မစိမ်းညို၊ ဆရာ့အိမ်မှာလည်း ပေးရှင့်ကန်တော့ထားတဲ့ အကြွေးတွေရှိတယ်။ တောင်းပေးခဲ့နော်"
ဝင်ပြော၍ အားလုံးရယ်မောရသေးလေ၏။
အမျိုးသားများက တစ်ဝိုင်းဝိုင်းဖွဲ့ကာ နွဲ့နှင့် မူယာတို့က ထိုဝိုင်းရဲ့ အပြင်ဘက်မှာထိုင်လေ၏။ မူယာက စကားပြောသံ လေယူလေသိမ်းကအစ ဆွဲဆောင်မှုရှိလှကာ စကားဝိုင်းကို လွှမ်းမိုးဦးဆောင်နိုင်သောဒေါက်တာအောင်သူရကို အသောအကဲခတ်နေမိလေ၏။ လူပုံက ချောချောဖြောင့်ဖြောင့်၊ အပြောကလည်းကောင်းလှသည်မို့ G.P ကောင်းမှာတော့ သေချာလေ၏။
ဒေါက်တာအောင်သူရရဲ့ အဝတ်အစား၊ အနေအထိုင်၊ အသုံးအဆောင်နှင့် ပြောဟန်ဆိုဟန်များက အထက်တန်းကျလှလေ၏။ မြေလတ်မြို့လေးသို့ ကားကိုယ်တိုင်မောင်း၍ တစ်ယောက်တည်း ရုတ်တရက်ရောက်လာခဲ့သည်။ မြေလတ်မှာတော့ ဒေါ်ယဥ်နွဲ့ခိုင်ရဲ့ ခင်ပွန်းဟောင်းရောက်လာခဲ့တာက သတင်းတစ်ပုဒ် ဖြစ်ခဲ့ပြန်ပြီ။ မူယာနှင့် တွေ့တော့မူ ...
"ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော် စည်သူနဲ့ ညီသူကို ခေါ်ရင်းလာခဲ့တာပါ" ဟု အကြည့်စူးစူးဖြင့်ယဉ်ကျေးစွာ ဖြေခဲ့လေ၏။ ဒေါက်တာအောင်သူရနှင့် ဒေါ်ယဥ်နွဲ့ခိုင်ရဲ့ ဆက်ဆံရေးကို မူယာ စိတ်ဝင်စားနေမိလေ၏။
ဒေါက်တာအောင်သူရကို ပြန်တွေ့တော့ ဒေါ်ယဉ်နွဲ့ခိုင် နှမြောနောင်တရနေလိမ့်မယ် မူယာထင်မိလေ၏။ ဒေါက်တာအောင်သူရကို တမ်းတနေမယ့်အစား အရင်ကတည်းက ပိုင်နိုင်စွာ ဆွဲဆောင်ထားနိုင်ရမှာ မဟုတ်လား။ အိမ်ထောင်တစ်ခုကို ခိုင်မြဲအောင် ထိန်းသိမ်းနိုင်တာသာ မိန်းမတစ်ယောက်ရဲ့ အရည်အချင်းဟု မူယာကခံယူသည်။ မူယာကတော့ မာမာ့လို အမျိုးသမီးမျိုးကိုပဲ အားကျသည်။ မူယာ အထက်တန်းကျောင်းသူဘဝက ပါပါ့ သတင်းတွေ သန့်သန့်ကြားသည်။ ဥက္ကလာပမှာပဲ အိမ်ဝယ်ပေးထားသလိုလို၊ မြို့ထဲတိုက်ခန်းတစ်ခုခုမှာပဲ ငှားပေးထားသလိုလို။ မာမာက ပွဲစားအလုပ်ပင် မပျက်ခဲ့။ ပါပါ နိုင်ငံခြားသွားရဖို့ ခရီးစဉ်တစ်ခု ပျက်သွားခဲ့သည်။ မာမာက ပေါက်ရောက်သည်လေ။ ပါပါ အလုပ်ကို ထိခိုက်ဖို့အထိ ဖြစ်လာနိုင်သည်ဆိုတော့ ပါပါက ခြေလှမ်းတွေ ပြန်ဆုတ်သည်။ ထိုကိစ္စတွေမှာ ပြီးစီးသွားခဲ့သည်ပါပဲ။ ယောက်ျားတစ်ယောက်ရဲ့ စွန့်ပစ်ခံရသည့်မိန်းမလောက် သိက္ခာကျတာ၊ လူမှုရေးအောက်တန်းကျတာမရှိဟု မာမာက မူယာတို့ကို ဆုံးမလေ့ရှိသည်။ ပါပါ သုံးလေးရက် အိမ်မှာမရှိတာလောက်ကို မာမာက အရေးထားနေတာမဟုတ်။ သားသမီးတွေက ကိုယ်ပိုင်ဂုဏ်တွေဖြင့် တင့်တယ်လာသော ခုချိန်တွင်တော့ စေ့စပ်လက်ထပ်မင်္ဂလာပွဲတွေမှာ မင်္ဂလာရှိအောင် လက်စွပ်လဲပေးရ၊ မင်္ဂလာပန်းကုံးစွပ်ပေးရသော ဂုဏ်သရေရှိဇနီးမောင်နှံအဖြစ် ပါပါတို့က မဖိတ်မဖြစ် ဖိတ်ကြားခံရသူ စာရင်းဝင်ခဲ့ပြီလေ။
BẠN ĐANG ĐỌC
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Lãng mạn" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...