“ဒေါက်တာချမ်း ဆရာသမားရယ်။ ဘယ်များရောက်နေရတာလဲ”
ခွဲစိတ်ခန်းတာဝန်ခံ ဆရာမကြီး လှလှတင်၏ အသံကြားလိုက်ရ၍ ချမ်း ခါးမတ်ကာလှည့်ကြည့်မိလေသည်။
“ဘယ်မှမရောက်ရပါဘူးဗျာ။ ညက တစ်ညလုံးရှုပ်နေလို့ အိမ်ပြန်ရေချိုး၊ ခဏလေးနားရုံရှိသေးတယ်။ မမလှတို့ကလည်း သီရေတာဖွင့်ရောလားဗျ "
“မဖွင့်လို့ ဘယ့်နှယ်လုပ်မလဲ။ ကော့(စ်)က ရောက်လာတာကိုး”
ခွဲစိတ်ခန်းက ထုတ်လာသောလူနာကို သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းစစ်ဆေးကြည့် နေခြင်းပင်။ လူနာကသတိရခဲ့ပြီးပြီ။ အိပ်မောတစ်ဖန်ပြန့်နေခဲ့သည်။ ခွဲစိတ်ပြီးစ လူနာထားသောအခန်းလေးမှ ဂျူတီခန်းသို့ ချမ်း ပြန်လျှောက်လာခဲ့သည်။ မမလှကတော့ ကြာရှည်မျိုသိပ်ထားဖို့ မတတ်နိုင်စွာ လမ်းကပင် တိုးတိုးပြောလာ၏။
"ဒီနေ့ သီရေတာထဲမှာ ကျွန်မတို့ မမဆာဂျင်တော့ ဒေါ်မူယာ တူးတာဆွတာ ကြိတ်မှိတ်ခံသွားရပုံပဲနော့်။ ကျွန်မတောင် ကြားထဲက အူယားလာတယ်။ မမကတော့ မပြောဘူးတော်။ နေနိုင်တယ်”
“ဘာပြောစရာလိုလဲ မမလှ သူ့အကြောင်း သူသိနေရင် ပြီးတာပဲ”
အထက်တန်းသူနာပြု လှလှတင်က သူ့လက်ဖဝါး ဝကစ်ကစ်ဖြင့် ချမ်းလက်မောင်းကို ဖြန်းကနဲ ရိုက်သည်။
“တော်ကတော့ ပြီးတာပဲ ပြောမှာပေါ့။ တော်နဲ့တော့ ပြေလည်နေတာကိုး”
“ဟောဗျား၊ ကျွန်တော့်တော့ ဆွဲမထည့်နဲ့နော်”
ပြောရင်း ချမ်း ခေါင်းမော့ ရယ်မောသည်။ ဆာဂျင်နှင့် ခွဲစိတ်ခန်းတာဝန်ခံ ခင်မင်နွေးထွေးမြဲပေမယ့် မမလှနှင့် ဆာဂျင်မမတို့ရဲ့ ချစ်ခင်တွယ်တာမှုကဖြင့် နက်ရှိုင်းလှလေ၏။ ဆရာမကြီးက ခွဲစိတ်ကုဝါသနာပါသော ချမ်းနှင့်လည်း ခဏချင်း ရင်းနှီးခင်မင်လာခဲ့သည်။ ဒေါ်မူယာကိုမူ မမလှက အလုပ်သဘောထက်ပိုလို့ ရင်းနှီးခင်မင်လိုပုံ မပြခဲ့။“ဆရာနဲ့ ဒေါ်မူယာက A.S အချင်းချင်းဆိုတော့ ပြေလည်ချင် ပြေလည်နေကြမှာပဲ။ မေ့ဆေးလေးဘာလေး လာကူပေးပါလားတော်။ ခုတော့ ကျွန်မတို့မှာ သူများကို အောက်ကျခံပြီး သွားခေါ်ရသေးတယ်။ ခွဲရစိတ်ရတဲ့ အခိုက်မှာလည်း နားမချမ်းသာရဘူး။ အဲဒါ ရှင့်ကြောင့် မဟုတ်ဘူးလား”
CZYTASZ
ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)
Romans" ဓာတုကလျာ ဖွဲ့တယ်လို့ ယူဆရတဲ့ ရတုကလေးကို သိသလား" "သြော်...ကလျာရွှေညီ ချီတဲ့ ပိုဒ်စုံရတု မဟုတ်လား၊ ဘာဖြစ်လို့လဲ မမနွဲ့" "နှောင်ထုံးကေမှင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ခဲ့တဲ့" "ချမ်း" "မမနွဲ့" "ချမ်းနဲ့ကျမှ မမလည်း နတ်သျှင်သ...