အပိုင်း(၁၅) Unicode

2.4K 260 40
                                    

ကျန့်အာကိုလူတွေကြားမှလက်ဆွဲခေါ်ထုတ်လာသည့် ဝမ်ရိပေါ်က ဘယ်ကိုဦးတည်ရမှန်းမသိဘဲ အဆုံး သတ်၌ နန်းတွင်းဥယျာဉ်ထဲရှိ ရေကန်ဘက်သို့ခေါ် ဆောင်လာခဲ့​၏။ကြာပန်းလေးများ ဟိုတစ်စုဒီတစ်စုဖြစ်နေသည့် ရေကန်ထဲကရွှေငါးလေးများတပွက်ပွက်ဖြစ်နေသည်ကိုကျန့်အာမြင်သည့်အခါ ဝမ်ရိပေါ်​၏ လက်ကိုဖြုတ်ချပြီး ရေကန်အနီးသို့ပြေးသွားလိုက်​၏။

ရေကန်အစပ်ဘေးမှာ ငုတ်တုတ်လေးထိုင်ကာ အစာလာမျှော်နေကြသည့် ငါးလေးတွေကိုကျန့်အာကြည့် ကာ ဂရုဏာများယိုဖိတ်၍သူ့ခြေထောက်ဘေးမှ ခဲလုံးလေးတွေကိုယူပြီးငါးလေးတွေ​၏ပါးစပ်ပေါက်လေးတွေထဲချိန်ပစ်လိုက်​၏။ခေါင်းကိုခဲမှန်လို့သွားကြသည့်ငါးလေးများက အဝေးကြီးသို့ပြေးသွားကြသည့်အခါ ကျန့်အာ​၏ဦးတည်ချက်က ဝေးဝေးမပြေးနိုင်သည့် လိပ်လေးများထံသို့ရောက်ရှိသွား​၏။

လိပ်ခွံနဲ့ ခဲလုံးလေးများထိတွေ့သံက တတောင်တောင်မြည်လို့နေပြီး မကြာခင်မှာ အစာမကျွေးဘဲအဆော့ခံနေရမှန်းသိသည့် လိပ်လေးများကလည်း ကုန်းစပ် ရေစပ်နေရာမှသည် ရေထဲသို့ငုပ်လျှိုးထွက်ပြေးသွားကြတော့​၏။ထိုအခါမှကျန့်အာ​၏အာရုံလေးများက သူ့ဘေးမှာထိုင်နေသည့်ဝမ်ရိပေါ်ထံသို့ကျရောက်သွား​၏။

ကျန့်အာက ဝမ်ရိပေါ်​၏မျက်နှာကိုမော့ကြည့်လိုက်သည့်အခါ ကန်ရေပြင်ဘက်ကိုမျက်နှာမူထားသည်ကိုတွေ့သည်ကြောင့် သူ့လက်ချောင်းလေးများက ဝမ်ရိပေါ်​၏ ဝတ်ရုံရှိရာသို့တရွေ့ရွေ့ ရွေ့လျားလို့သွား​၏။ဝမ်ရိပေါ် မသိအောင် ဝတ်ရုံလက်ပေါ်က ရွှေချည်ထိုး ရှူးပျံရုပ်​၏အမြီးနေရာလေးကို လက်သည်းထိပ်လေးနဲ့လိုက်ဆိတ်ကြည့်လို့နေရင်း...

"ဝတ်ကြည့်ချင်လို့လား..."

ရုတ်တရက်ကြီးဝမ်ရိပေါ်ခေါင်းလှည့်ပြောလာသည်ကြောင့် မျက်လုံးလေးများဝိုင်းသွားပြီး ငုတ်တုတ်ထိုင်လျက် ခန္ဓာကိုယ်လေးကို ဘေးတိုက်အနေအထားလေး ခပ်ခွာခွာရွှေ့လိုက်​၏။

ထိုအခါ ရွှေ့သွားသည့် ကျန့်အာဘေးသို့ ဝမ်ရိပေါ်လိုက်တိုးလို့လာ​၏။လက်မောင်းချင်းထိသွားသည့်အနေအထားမှာ ကျန့်အာက ငုတ်တုတ်လေးဘေးတိုက်ရွှေ့လိုက်ပြန်သည်။ဝမ်ရိပေါ်ကလည်း တစ်ဖန်ထပ်တိုးလာပြီး ၊ သူရွှေ့ ငါရွှေ့ဖြင့် ကျန့်အာကိုယ်လေးကအရိပ်ခိုနေသည့် သစ်ပင်​၏ကိုယ်ထည်နဲ့ ကပ်သွားသည့်အခါ ထပ်ရွှေ့၍မရတော့။ကျန့်အာထပ်ရွှေ့လို့မရတော့သော်လည်း ဝမ်ရိပေါ်က လိုက်ရွှေ့နေဆဲဖြစ်ကာ ကျန့်အာ​၏ကိုယ်လေးက သစ်ပင်နဲ့ ဝမ်ရိပေါ်​၏ကိုယ် ကြားထဲညက်လို့နေတော့​၏။

My Little ConsortWhere stories live. Discover now