10 (Unicode)

7K 688 74
                                    

ဒီနေ့ ကျောင်းက ဆရာမက Report card ပေးခဲ့သည်။ သက်လွှာရဲ့ အဆင့်က ၃ ဖြစ်၏။ အရင်အပတ်က အဆင့် ၄၀ ကျော်သည့် သက်လွှာက ယခုသူတို့ထက်ကိုပင် ပို၍ကျော်တက်သွားနိုင်ပြီဖြစ်သောကြောင့် ဇင်လှိုင်မြင့်တို့ အုပ်စု ဒေါပွနေကြသည်။ ဇင်လှိုင်မြင့်က အဆင့် ၄ ဖြစ်ပြီး၊ ကလျာ နှင့် မေနဒီတို့က အဆင့် ၇ နှင့် ၉။ ထို့ကြောင့် မျက်နှာတွေက ခရမ်းသီးမီးဖုတ်ကြီးတွေကို ရှုံ့တွလို့နေကြ၏။ သက်လွှာကတော့ သူတို့ ၃ ယောက်မျက်နှာကိုကြည့်ပြီး သဘောတွေကျနေမိတာမှ တအား။ ပြီးတော့ စိတ်ထဲကနေလည်း သိမ်မွေ့ထည်ကို ကျေးဇူးတင်နေမိ၏။ အိမ်ပြန်ရောက်တာနဲ့ သူမကို Report card ထုတ်ကြွားရမည်ဟု တွေးမိရင်း ကျောင်းဆင်းတဲ့အထိ တပြုံးပြုံးပင်။

အိမ်ပြန်ရောက်တော့ သိမ်မွေ့ထည်က မရှိ။ မနက်က ကုမ္ပဏီသွားမယ်လို့လည်း ပြောသံမကြားခဲ့တာကြောင့် အပေါ်ထပ်သို့မတက်ခင် ဒေါ်ဒေါ်မြကို မေးမိသည်။

" ကြီးကြီး .. တီလေးကောဟင် "

အမြဲတမ်း 'ဒေါ်သိမ်မွေ့ထည်'ဟုသာ ခေါ်တတ်သော သက်လွှာရဲ့ နှုတ်မှ တီလေးဆိုသည့်စကားလုံး ထွက်ကျလာသည်မို့ ဒေါ်ဒေါ်မြပင် တအံ့တသြဖြစ်သွားရလေသည်။ တကယ်တော့ သက်လွှာ နှုတ်မှလွှတ်ခနဲထွက်သွားခြင်းသာဖြစ်၏။ သူ့ဟာသူလည်း လွှတ်ခနဲထွက်သွားပြီး ရှက်ကိုးရှက်ကန်းဖြစ်နေသည်လေ။

" သမီးတီလေးက ချိုမာနဲ့အတူတူ ဆေးရုံကိုသွားတယ် .. ဒီနေ့ ဆရာဝန်ကြီးနဲ့ ရက်ချိန်းပြန်ပြရမဲ့နေ့လေ။ ပြီးတော့ လေ့ကျင့်ခန်းလည်း လုပ်ဦးမယ်ထင်တယ် "

" သြော် .. "

ဒေါ်ဒေါ်မြက ခပ်ပြုံးပြုံးနဲ့ပြောပြတော့ သူ 'သြော်'ဟုသာ ရေရွတ်မိပြီး ဘာမှဆက်မမေးဖြစ်တော့။

" နေ့လည် ၂ နာရီခွဲလာက်ဆိုရင်တော့ ပြန်ရောက်လောက်မှာပါ "

" ဟုတ်ကဲ့။ ဒါဆို သမီးအပေါ်တက်ပြီး ရေသွားချိုးလိုက်ဦးမယ်နော် "

" အေးအေးသမီးလေး။ ပြီးရင် ပြန်ဆင်းလာခဲ့။ ကြီးကြီး နေ့လည်စာပြင်ဆင်ပေးထားမယ်။ သမီးလေးရဲ့တီလေးက သူ့ကိုမစောင့်ပဲ စားနှင့်ဖို့ မှာသွားသေးတယ် "

ElegantWhere stories live. Discover now