ဘာလိုလိုနဲ့ သက်လွှာ ၁၀ တန်းသို့ရောက်ခဲ့လေပြီ။ သက်လွှာနဲ့အတူ သူ့ရဲ့ မဟာရန်သူတော်တွေဖြစ်တဲ့ ဇင်လှိုင်မြင့်နဲ့ မေနဒီ တို့နှစ်ယောက်သည်လည်း A ခန်းမှာပဲဖြစ်၏။ ကလျာကတော့ B ခန်းသို့ရောက်သွားသည်။
ဒီနှစ်မှာတော့ သက်လွှာ စိတ်တူကိုယ်တူ သူငယ်ချင်းနှစ်ယောက် ရရှိခဲ့သည်။ နှစ်ယောက်လုံးမှာ B ခန်းမှ ရောက်ရှိလာကြတဲ့ လူသစ်နှစ်ယောက်ပင်။ တစ်ယောက်က အသားညိုညို ဆံပင်ဂုတ်ဝဲနဲ့ ပြည့်ဖူးချို ဆိုတဲ့ ကောင်မလေး။ နောက်တစ်ယောက်ကတော့ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ မျက်မှန်ဝိုင်းလေးတပ်ထားတဲ့ ရှိုင်းတာရာ ဆိုသည့်ကောင်လေး။ သူတို့နှစ်ယောက်လုံးမှာ စိတ်ထားကောင်းမွန်ကြပြီး ရိုးသားပွင့်လင်းကြသည်။ အနာဂတ်မှာ သက်လွှာအပေါ် တကယ်ကောင်းမွန်ပြီး ကူညီစောင့်ရှောက်ပေးကြမဲ့ သူငယ်ချင်းကောင်း နှစ်ယောက်ဆိုလည်း မမှားပေ။
X X X X X
" ဒီနှစ် ကျောင်းစတက်ရတာ ဘယ်လိုလဲ အဆင်ပြေရဲ့လား သက်လွှာ "
" ဟုတ်ကဲ့ မနှစ်ကထက်တော့ အများကြီးပို အဆင်ပြေပါတယ် တီလေး။ သူငယ်ချင်း အသစ်တွေလည်းရတယ်။ B ခန်းက ရောက်လာကြတဲ့သူတွေလေ "
" သြော်။ ကောင်းတာပေါ့ .. အတန်းထဲဝင်ကြတဲ့ ဆရာ၊ ဆရာမတွေကကော အသင်အပြကောင်းကြလား .. "
ညစာ စားနေရင်းနဲ့ ကျောင်းစတက်နေပြီဖြစ်တဲ့ သက်လွှာရဲ့ အခြေအနေကို သိချင်တာကြောင့် သိမ်မွေ့ထည် မေးခွန်းအချို့ မေးနေမိသည်။
" ဟုတ် ကောင်းပါတယ်တီလေး။ Chemistry ဆရာက မနှစ်က ဆရာပဲမို့ သက်လွှာ ပျော်နေတာ။ နောက်ပြီးတော့ Bio ကမနှစ်က ဆရာမ မဟုတ်တော့ဘူး။ အသစ်ရောက်လာတဲ့ ဆရာလေး။ ဆရာလေးက ငယ်ပေမဲ့ စာသင်တာကောင်းတယ် တီလေးရဲ့ "
" တော်သေးတာပေါ့ .. "
" ဒါပေမဲ့ တီလေးကိုတော့ မမီဘူး။ တီလေးသင်ပေးတာကို သက်လွှာ ပိုသဘောကျတယ် "
သက်လွှာရဲ့စကားအဆုံး၌ သိမ်မွေ့ထည် နှုတ်ခမ်းလွှာလေး နှစ်ချပ်ကို တွန့်ကွေးလိုက်လေသည်။ သက်လွှာကတော့ ထုံးစံအတိုင်း သူ့တီလေးရဲ့အပြုံးကို ထမင်းစားရင်း မသိမသာ ငေးကြည့်လို့နေ၏။
YOU ARE READING
Elegant
Romanceလှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)