26 (Unicode)

6.2K 621 58
                                    

ကားလမ်းမပေါ် အရှိန်အသင့်အတင့်ဖြင့်သာ မောင်းနှင်လာသော Mercedes benz ကားအနီရောင်လေးသည် ပန်းဆိုင်ရှေ့သို့ရောက်သော အခါ တုံ့ခနဲ ရပ်တံ့သွားခဲ့သည်။ အရောင်အသွေးစုံလင်လှသည့် အလှပန်းဆိုင်လေး တစ်ဆိုင်ကိုမြင်တော့ သက်လွှာ အကြံတစ်ခုရသွားသည်။ ပန်းကြိုက်တဲ့ သူ့တီလေးအတွက် အလုပ်ကအပြန် အမောပြေအောင် ပန်းစည်းလေး လက်ဆောင်ပေးရမည်။ ချက်ချင်းကားပေါ်ကဆင်းပြီး ပန်းဆိုင်ထဲသို့ ဝင်လိုက်၏။ အထဲရောက်တော့ ပန်းတွေက စုံလင်တာကြောင့် သက်လွှာ ရွေးရခက်နေသော်လည်း နှင်းဆီပန်း အဖြူရောင်လှလှလေးတွေကိုသာ မျက်စိကျသွားခဲ့သည်။

" ဒီအဖြူရောင် နှင်းဆီပန်း အပွင့် ၂၀ ကို ပန်းစည်းလှလှလေး စည်းပေးပါနော် အစ်မ။ အလှဖဲကြိုးကိုလည်း အဖြူရောင်လေးပဲ သုံးပေးပါ "

" ဟုတ်ကဲ့ပါ ညီမလေး "

ပန်းဆိုင်က အစ်မ စည်းပေးနေတဲ့ ပန်းစည်းလေးကို ဘေးကနေ ရပ်ကြည့်ရင်း သက်လွှာ တပြုံးပြုံးဖြစ်နေတော့သည်။ အဖြူရောင် နှင်းဆီပန်းလေးတစ်ပွင့်လို ကျက်သရေရှိစွာ ဖြူဆွတ်နေသော သူမ .. ။ များပြားလှသော အရောင်များထဲမှ အဖြူရောင်တွေကိုသာ စွဲစွဲမြဲမြဲ သဘောကျနှစ်သက်တဲ့ သူမ .. ။ အဖြူရောင်နဲ့ သူမဟာ ခွဲခြားမရအောင် အမြဲ ယှဉ်တွဲရှိနေတတ်သည်။ ထို့ကြောင့် သူလည်း အဖြူရောင်တွေကို နှစ်သက်မြတ်နိုးတတ်လာပြီလေ။

X    X    X    X    X

ကုမ္ပဏီသို့ သွားတဲ့နေ့တိုင်းနီးပါး ညနေ ၅ နာရီလောက်ဆို အိမ်ပြန်ရောက်တတ်တဲ့ သူမဟာ ယနေ့မှာတော့ ည ၇ နာရီခွဲလောက်မှသာ အ်ိမ်ပြန်ရောက်လာသည်။ မနက်ဖြန် ဖြေဆိုရမဲ့ ဘာသာရပ်အတွက် အောက်ထပ်က ဧည့်ခန်းထဲမှာ စာထိုင်လုပ်နေတဲ့ သက်လွှာလည်း ခြံထဲသို့ ကားဝင်လာတဲ့ အသံကြားလိုက်တာနဲ့ လျစ်ခနဲ ထပြေးကာ ..

" အစ်မချိုမာ .. သံပုရာရည်ခွက်လေး "

" အေးအေး ညီမလေး "

သူကိုယ်တိုင်ဖျော်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားခဲ့တဲ့ သံပုရာဖျော်ရည်ခွက်လေးကို ယူ၍ အစ်မချိုမာက အနောက်မှ လိုက်လာသည်။ သူကတော့ ကားပေါ်မှဆင်းလာတဲ့ သူ့တီလေးကို အပြေးထွက်ကြိုနှင့်လေပြီ။

ElegantWhere stories live. Discover now