40 Final (Unicode)

9.7K 698 89
                                    

ပြန်ခါနီး တစ်ရက်အလို၌ သက်လွှာ ပစ္စည်းတွေကို ထုတ်ပိုးပြီး တာရာတို့ ရန်ကုန်ပြန်ရင် ယူသွားပေးဖို့အတွက် အပ်ခဲ့လိုက်သည်။ 'လင်းခေး'ခရီးစဉ်အတွက် အဝတ်အစားတချို့နဲ့ အသုံးအဆောင်ပစ္စည်းတချို့ကိုသာ Luggage တစ်လုံးနှင့် ခွဲထည့်ခဲ့သည်။ ညရောက်တော့ နန်း ကြိုတင် ပြင်ဆင်ပေးထားတဲ့ Alphard ကားအဖြူရောင်လေးက ခြံရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။ သည်လိုနဲ့ပဲ သူတို့ ၃ ယောက် လင်းခေးသို့ ခရီးစထွက်ခဲ့ကြပါသည်။

တကယ်တော့ လင်းခေးမြို့အဝင်မှာ သက်လွှာ ကားမူးမှာစိုးလို့ဆိုပြီး သိမ်မွေ့ထည်က ညဘက်မှ ထွက်ဖို့အတွက် တမင်အစီအစဉ်ချထားခဲ့ခြင်းသာ။ ညဆိုတော့ အိပ်ပြီးလိုက်ခဲ့ရုံပင်။

" ရော့ .. ကားမမူးခင် ကြိုသောက်ထားလိုက် "

လမ်းတစ်ဝက် ခရီးတစ်ထောက်နားချိန်၌ သက်လွှာ လက်ထဲသို့ သူမက ဆေးနှစ်လုံး လာထည့်ပေးသည်။ လေသံကတော့ ယခုထိ ပြတ်သားဆဲ။ စိတ်ဆိုးပြေသေးတဲ့ပုံ မပေါ်။

" ဟုတ်ကဲ့ တီလေး .. "

စိတ်ဆိုးမပြေသေးသော်လည်း အဖုံးဖွင့်ထားပြီးသား ရေသန့်ဘူးကိုတော့ သူ့လက်ထဲသို့ အသင့်လာကမ်းပေးရှာသည်။

" တစ်ခုခုစားဦးမလား .. "

" ဟင့်အင်း မစားတော့ဘူး။ သက်လွှာ ဗိုက်မဆာဘူးတီလေး .. "

ကားပြန်ထွက်တဲ့ အချိန်၌ သူမက စောင်တစ်ထည်ကို ဖြန့်ပြီး သူ့ကိုယ်ပေါ်သို့ လာခြုံပေးခဲ့သည်။ သူလည်းချွဲချင်တာနဲ့ အိပ်ပျော်ချင်ဟန်ဆောင်ပြီး သူမရဲ့ ပခုံးလေးပေါ်သို့ ခေါင်းလေးမှီထားမိသည်။ ရှောင်ဖယ်ခြင်း မရှိတော့တာကြောင့် အခြေအနေက မနေ့ကလောက်တော့ မဆိုးတော့ဘူးလို့ စိတ်ထဲမှ တွေးမိ၏။

ဆေးကြိုသောက်ထားသော်လည်း မနက်စောစော လင်းခေးမြို့ကို ဝင်သည့်လမ်းတစ်လျှောက်မှာ သက်လွှာ မူးပြီး ချွေးစေးများထွက်လာခဲ့သည်။ ပြန်အိပ်လို့လည်း မရတော့။ ဒါကို သူမ,သိတော့ သူ့လက်လေးကို အသာဖမ်းဆုပ်ကိုင်ပေးထားပြီး ခဏနေရောက်တော့မှာပါဟု အားပေးသည်။ နောက်ထပ် ဆေးတစ်လုံးလည်း ထပ်တိုက်၏။ ထိုကားမူးသည့်ဒဏ်ကို သက်လွှာ ၁ နာရီလောက် ခံစားခဲ့ရပြီးမှသာ လင်းခေးမြို့ထဲသို့ ရောက်လာခဲ့သည်။ မြို့ထဲရောက်တော့ ကားသိပ်မမူးတော့ပါ။ ယခုမှပဲ သက်လွှာ ကားမှန်တံခါးကနေတစ်ဆင့် ပတ်ဝန်းကျင် ရှုခင်းတွေကို ငေးကြည့်နိုင်တော့သည်။ တောင်တွေကာရံထားတဲ့ လင်းခေးမြို့ရှုခင်းကို စိတ်ဝင်တစားကြည့်နေတဲ့ သက်လွှာအား မသိမသာကြည့်ရင်း တစ်ချက်လေး ပြုံးလိုက်သည့်သူကတော့ သိမ်မွေ့ထည်ပင်ဖြစ်၏။

ElegantWhere stories live. Discover now