14 (Unicode)

7.5K 729 60
                                    


သက်လွှာ မျက်လုံးနှစ်လုံးကို ဖွင့်ကြည့်မိလိုက်တဲ့အချိန်၌ သိမ်မွေ့ထည်က သူ့ခါးကိုဖက်ထားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပင်။ အချိန်ကား မနက် ၄နာရီခွဲသာ ရှိသေး၏။

ဆံနွယ်လေးဝဲကျနေတဲ့ မျက်နှာလှလှလေးကို သက်လွှာ တစိမ့်စိမ့်ငေးကြည့်နေမိခဲ့သည်။ ရင်ထဲမှာ နွေးနွေးလေးနှင့် လေပြည်ညှင်းလေးတိုက်ခတ်နေသည့်အတိုင်းပင်။ သူမရဲ့မျက်နှာကို အနီးကပ်ငေးကြည့်ခွင့်ရသည့် အခွင့်အရေးကို နောက်များမှာလည်း ထပ်ပြီးရချင်နေမိသေးသည်။

'ဘာကြောင့် အဲ့ဒီလောက်အထိ လွှမ်းမိုးနိုင်ရတာလဲ ဒေါ်သိမ်မွေ့ထည်ရယ်´

ဖြောင့်စင်းနေတဲ့ နှာတံလေးကို သူ့လက်ညှိုးလေးနဲ့ တို့ထိချင်မိသည်။ လက်လှမ်းလိုက်ပါသော်လည်း သူမရဲ့နှာဖျားလေးကို ထိစပ်ဖို့ လက်သည်းခွံပမာဏမျှ အကွာအဝေးလေး၌ သက်လွှာ ရပ်တံ့ထားမိသည်။ သူမရဲ့ ဝင်လေထွက်လေက သူ့လက်ညှိုးထိပ်လေးကို လာရောက်ရိုက်ခတ်နေသည်လေ။ သက်လွှာ သဘောကျစွာဖြင့် ပြုံးနေမိသည်။

ဤအခိုက်တံ့လေးကို သဘောကျလွန်းလို့ ရပ်တံ့ထားချင်ပါသော်လည်း အခွင့်အရေးမရခဲ့။ နာရီမှစက္ကန့်တံက တရွေ့ရွေ့နဲ့ လှုပ်ရှားလို့နေသည်။ အခန်းအပြင်ဘက်ဆီမှ ပင်လယ်ရေလှိုင်းသံတွေကိုလည်း ကြားနေရသည်။ အဲ့ဒီထဲကမှ သူမရဲ့ အသက်ရှုသံ သဲ့သဲ့လေးက နားထောင်လို့ အကောင်းဆုံးပင်။

မနက် ၅ နာရီလောက်ကျတော့ သူမရဲ့ မျက်ခွံလေးတွေက လှုပ်ရှားလို့လာသည်။ အစက သက်လွှာ ပြန်ပြီး အိပ်ချင်ယောင်ဆောင်ဦးမလို့ပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျ မျက်လုံးကို ပြန်မမှိတ်ရက်ခဲ့။ သူမရဲ့မျက်ခွံလေးတွေ ပွင့်ဟလာတဲ့အထိ စိုက်ကြည့်နေမိ၏။

" သက်လွှာ .. နိုးနေပြီလား "
" ဟုတ် ... "
" Morning Baby "

မျက်တောင်ကော့ကော့လေးတွေ မှေးစင်းလာတဲ့အထိ သူမက ပြုံးပြရင်း ပြောတော့ သူခေါင်းတစ်ချက်ညိတ်ပြမိသည်။

" ညက ဘယ်လိုအိပ်ပျော်သွားမှန်းကို မသိပါဘူး သက်လွှာရယ်။ ခါတိုင်းဆိုရင် အိပ်ဆေးသောက်မှ အိပ်ပျော်တဲ့လူက သက်လွှာနဲ့အတူအိပ်မှ ဘာဆေးမှမလိုပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်လို့ရတော့တယ် "

ElegantWhere stories live. Discover now