12 (Unicode)

6.4K 660 85
                                    

ဒီနေ့ဟာ သက်လွှာနှစ်ဝက်စာမေးပွဲဖြေရတဲ့ နောက်ဆုံးရက်။ Bio ဖြေပြီး အိမ်ကိုပြန်ရောက်လာသည့်အချိန်၌ သိမ်မွေ့ထည်က ဧည့်ခန်းရှေ့က အဖြူရောင်စန္ဒယားကြီးရဲ့ နံဘေးတွင် ထိုင်၍ အပြုံးဖြင့် စောင့်ကြိုလို့နေသည်။

" ဖြေနိုင်တယ်မဟုတ်လား သက်လွှာ "

ခရမ်းရင့်ရောင် ပိုးသားပေါ်၌ ပိုးချည် ချိတ်လှိုင်းအဖြူလေးတွေနဲ့ လှပတောက်ပြောင်နေတဲ့ လုံချည်ကိုဝတ်ဆင်ထားပြီး၊ အဖြူရောင် ရင်စေ့ချိုင်းပြတ် ပိုးဖဲအင်္ကျီလေးကို သပ်ရပ်ကြော့ရှင်းစွာ ဝတ်ဆင်ထားတဲ့ ဒေါ်သိမ်မွေ့ထည်။ သက်လွှာ ဤတစ်ကြိမ်မှာလည်း သူ့ရဲ့တီလေးကို ငေးကြည့်မိပြန်သည်။ တစ်ခါမှ ပန်းမပန်ဖူးတဲ့ သူမက ယနေ့မှ ထူးထူးဆန်းဆန်း အဖြူရောင်နှင်းဆီပန်းလေးတစ်ပွင့်ကို ဆံထုံးထဲမှာ ထိုးစိုက်ထားသေးသည်။

" ဟုတ် ဖြေနိုင်ပါတယ်။ ဒီနေ့ ကုမ္ပဏီသွားရတယ် မဟုတ်ဘူးလား "

" အင်း သွားရတယ်လေ သက်လွှာ။ တီလေးလည်း စောစောကပဲ ပြန်ရောက်တာ "

" သြော် .. "

သြော် ဟုရေရွတ်ရင်း သူမရဲ့မျက်နှာကို သက်လွှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်၍ ငေးကြည့်နေမိစဉ်၌

" ကဲ အပေါ်တက်ပြီး အဝတ်အစားလဲတော့နော် သက်လွှာ .. "

" ဟုတ်ကဲ့ "

ကျောပိုးအိတ်လေးကို လွယ်လျက် သက်လွှာ လှေကားကနေပဲ အပေါ်သို့ ခပ်သွက်သွက်လေးတက်ခဲ့သည်။ အပေါ်သို့ကွေ့တက်ရတဲ့ ထောင့်ဆစ်ချိုးနားသို့ရောက်တော့ အောက်မှာရှိနေတဲ့ သူမကို သက်လွှာ ပြန်ငုံ့ကြည့်ရင်း တစ်ချက်လေး ခိုးငေးမိ၏။ အခုနောက်ပိုင်းမှာ သက်လွှာ သူမကို ခိုးခိုးကြည့်တတ်နေပါပြီ။ တဖြည်းဖြည်းနဲ့ သူမရဲ့မျက်နှာလေးကို တစိမ့်စ်ိမ့်ကြည့်ရတာကို သက်လွှာ သဘောကျတတ်နေပြီလေ။

အခန်းထဲရောက်တော့ သက်လွှာ တအံ့တသြဖြစ်သွားခဲ့သည်။ ခုတင်ခြေရင်းရဲ့ အခန်းထောင့်တစ်နေရာမှာ Flat TV အကြီးကြီး တင်ထားတဲ့ စင်ကြီးတစ်ခု ရောက်ရှိနေသည်။ စင်ရဲ့ ဒုတိယထပ်မှာ EVD စက်တစ်လုံးနှင့် Sound Box လေး ၂ လုံးလည်းရှိ၏။ ဒါ့အပြင် Tv တင်ထားတဲ့ အပေါ်ဆုံးထပ်၌ ရှိနေသည့် အခွေတစ်ထပ်ကြီး။ သူအရမ်းကြိုက်နှစ်သက်ရတဲ့ Girls' Generation အဖွဲ့ရဲ့ Original CD Album များ။ ထိုကဲ့သို့သော Original Album များကို သက်လွှာ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးတာကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ElegantWhere stories live. Discover now